အကြောင်းအရာဖော်ပြချက်
လှည့်ပတ် ရန်ပုံငွေဆိုသည်မှာ မိမိဘာသာ ငွေပြန်ဖြည့်ရသော ငွေကြေးအမြောက်အမြားကို အသုံးချပြီး လစ်ဟာသည့်နေရာအား ဖြည့်စွက်ထောက်ပံ့ပေးသည့် စီမံချက်ဖြစ်သည်။ လှည့်ပတ် ရန်ပုံငွေများကို ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် နှစ်မျိုးလုံးရှိ အစိုးရအေဂျင်စီများ သို့မဟုတ် UN-Habitat ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက လည်ပတ်လုပ်ကိုင်လေ့ရှိကြသည်။
ယခင်ကငွေကြေးထောက်ပံ့ခဲ့သည့် စီမံကိန်းများမှ အမြတ်အစွန်းများ သို့မဟုတ် ပေးဆပ်ငွေများကို အသုံးချပြီး စီမံကိန်းအသစ်များကို ညီမျှသော ရန်ပုံငွေပမာဏဖြင့် ပံ့ပိုးပေးခြင်းအားဖြင့် လှည့်ပတ် ရန်ပုံငွေများကို လည်ပတ်ပါသည်။ သက်သာခွင့်ချေးငွေများ၊ အာမခံဂရန်တီများ သို့မဟုတ် အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုများကို စွမ်းအင်ချွေတာရေး စီမံကိန်းများမှသည် ပြည်သူပိုင်အဆောက်အအုံများကို ခေတ်မီအောင် ပြုလုပ်ရေးအထိ၊ စွန့်ပစ်ပစ္စည်းနှင့် ရေ စီမံခန့်ခွဲမှု မြှင့်တင်ပေးသည့်စီမံကိန်းများမှသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအထိ စမတ်စီးတီး စီမံကိန်းအမျိုးမျိုးအား ပံ့ပိုးပေးရန် ရန်ပုံငွေများကို အသုံးပြုနိုင်ပါသည်။ လှည့်ပတ်ရန်ပုံငွေ၏ ရည်မှန်းချက်နှင့် ဖွဲ့စည်းတည်ဆောက်မှုသည် အတော်လေး ပြောင်းလွယ်ပြင်လွယ်ရှိပါသည်။ ၎င်းကို တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် သတ်မှတ်ကာလတစ်ခုစာ အသုံးချရန် ဖော်ဆောင်ထားပြီး ထို့နောက်တွင် ဆောင်ရွက်ဆဲကိစ္စရပ်တစ်ခုအတွက် အကန့်အသတ်မရှိ ကာလတစ်ခုစာအထိ တဖြည်းဖြည်းချင်း ဆွဲယူသွားနိုင်သည် သို့မဟုတ် ဖော်ဆောင်နိုင်ပါသည်။ လှည့်ပတ်ရန်ပုံငွေသည် ပြန်လည်ပေးချေရန် မလိုအပ်သည့်အပြင် ဒေသန္တရ၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုအစိုးရနှင့် ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် အလှူရှင်အဖွဲ့အစည်းများ ကဲ့သို့သော ပြည်သူပိုင်ရင်းမြစ်များ ပေါင်းစည်းပြီး ရရှိသည့်အရာဖြစ်သောကြောင့် ၎င်း၏ ကနဦး ငွေအရင်းအနှီးသည် ပုံမှန်အားဖြင့် ချီးမြှင့်ထောက်ပံ့ငွေတစ်ခုနှင့် ညီမျှလေ့ရှိသည်။
အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာမျာ
- သတ်မှတ်ချက်ပြည့်မီမှုနှင့် ခွဲဝေချထားပေးရေးဆိုင်ရာ စံချိန်စံညွှန်းများ ဖော်ဆောင်ထားရှိခြင်း။ ချေးငွေယူသူများအတွက် သတ်မှတ်ချက်ပြည့်မီရေး လိုအပ်ချက်များ၊ အနိမ့်ဆုံးနှင့် အမြင့်ဆုံး ပမာဏများ၊ ရန်ပုံငွေများကို အသုံးပြုရန် အတိုင်အတာများကို ထည့်သွင်းသတ်မှတ်ခြင်း၊ လျှောက်လွှာများ၊ အဆုံးအဖြတ်ပေးသည့် အုပ်ချုပ်ရေးတာဝန်များ၊ အစီအစဉ်နှင့် ဆက်စပ်သည့် ဝန်ထမ်းလိုအပ်ချက်များကို စိစစ်သုံးသပ်ရန် ကော်မတီတစ်ခု သတ်မှတ်ခြင်း စသည်တို့အပါအဝင် လှည့်ပတ်ရန်ပုံငွေ၏ ရည်ရွယ်ချက်ကို ဖော်ဆောင်ခြင်းသည် လှည့်ပတ်ရန်ပုံငွေတစ်ခု ဖော်ဆောင်ရန်အတွက် အခြေခံလိုအပ်ချက်အချို့ဖြစ်သည်။ ကြိုတင်လျှောက်လွှာပုံစံ သို့မဟုတ် စစ်ဆေးရန်စာရင်းတစ်ခု ဖန်တီးထားခြင်းအားဖြင့် ချေးငွေယူနိုင်သည့် အလားအလာရှိသူများသည် ၎င်းတို့အနေဖြင့် သတ်မှတ်ချက်ပြည့်မီမှု ရှိမရှိ ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်သည့်အပြင် မသင့်လျော်သည့် လျှောက်လွှာများကို ဖယ်ထုတ်နိုင်စေသည်။
- ချေးငွေပြန်ဆပ်ရေး ယန္တရားများကို သတ်မှတ်ပြဋ္ဌာန်းခြင်း။ ချေးငွေယူသူနှင့် ရန်ပုံငွေ စီမံခန့်ခွဲသူ နှစ်ဦးလုံးအနေဖြင့် ရန်ပုံငွေများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ၎င်းတို့၏စာချုပ်ပါ သတ်မှတ်ထားသော ပြန်ဆပ်ရမည့်စည်းကမ်းချက်များကို နားလည်သဘောပေါက်ပြီး လိုက်နာရန် အရေးကြီးပါသည်။ ချေးငွေယူသူများက ပြန်မဆပ်နိုင်မည့်အန္တရာယ် မြင့်မားသည့် အခြေအနေရပ်များ၌ ရန်ပုံငွေ စီမံခန့်ခွဲသူသည် ပြန်ဆပ်ငွေကို ရရှိစေရန် ပြုပြင်တည့်မတ်ရေးအစီအမံများကို အကောင်အထည်ဖော်ရန် လိုအပ်နိုင်သည်။ ငွေပြန်ဆပ်ရန် စံချိန်စံညွှန်းများကို မျှမျှတတနှင့် တစ်သမတ်တည်း ပြဋ္ဌာန်းကျင့်သုံးရန် မရှိမဖြစ်လိုအပ်သည်။
- ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် လိုအပ်ချက်များကို အစီရင်ခံခြင်း။ တိကျပြီး အချိန်မီပုံစံဖြင့် အစီရင်ခံခြင်းသည် ရန်ပုံငွေ၏ ထိရောက်မှုအပေါ် အကဲဖြတ်ချက်ကို အကျိုးတူပူးပေါင်းသူများအား သိရှိစေသည်။ ၎င်းက အကျိုးတူပူးပေါင်းသူများအား ရန်ပုံငွေ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေ၊ သက်ရောက်မှု၊ သတ်မှတ်ချက်ပြည့်မီရေး စံချိန်စံညွှန်းများအတိုင်း လိုက်နာမှုနှင့် ငွေပြန်ဆပ်ရန် အခြေအနေများ၊ အောင်မြင်မှု နယ်ပယ်များနှင့် တိုးတက်မှုလိုအပ်သည့် နယ်ပယ်များနှင့် ပတ်သက်ပြီး အသေးစိတ် သိမြင်နားလည်စေနိုင်သည့်အတွက် ရန်ပုံငွေ၏ ရေရှည်တည်တံ့ရေးကို အားဖြည့်ပေးသည်။
အလားအလာရှိသော စိန်ခေါ်မှုမျာ
- လှည့်ပတ် ရန်ပုံငွေ ယန္တရားများကို အကောင်အထည်ဖော်ရာတွင် အတွေ့အကြုံမရှိခြင်း။ လှည့်ပတ် ရန်ပုံငွေများကို ပုံစံထုတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့တွင် အတွေ့အကြုံမရှိခြင်းသည် စမတ်စီးတီး စီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရာတွင် ဤယန္တရားကို အသုံးချရန် ရှာဖွေနေကြသည့် အစိုးရအရာရှိများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်။ ချေးငွေအဟောင်းများမှ ရရှိငွေဖြင့် စီမံကိန်းသစ်များကို ဘဏ္ဍာငွေထောက်ပံ့ရန် ရင်းမြစ်များကို ပြန်လှည့်ပတ်သုံးစွဲသည့် လှည့်ပတ် ရန်ပုံငွေများသည် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ဘေးအန္တရာယ် စစ်ဆေးအကဲဖြတ်မှုနှင့် စီမံကိန်းချိန်ညှိမှုတို့အပေါ် ကောင်းစွာနားလည်မှုကို လိုအပ်သည်။ အတွေ့အကြုံ အလုံအလောက်မရှိပါက အရာရှိများအနေဖြင့် ထိရောက်သည့် ရန်ပုံငွေ ဖွဲ့စည်းတည်ဆောက်ပုံက ရေးဆွဲသတ်မှတ်ရန်၊ အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများကို ရွေးချယ်ရန်နှင့် ရန်ပုံငွေရင်းမြစ်များကို ထိထိရောက်ရောက် စီမံခန့်ခွဲရာတွင် ရုန်းကန်ရနိုင်ပြီး ၎င်းက ရန်ပုံငွေများ၏ အကျိုးဖြစ်ထွန်းမှုကို လျော့နည်းစေနိုင်သည်။
- လှည့်ပတ် ရန်ပုံငွေများအတွက် ကုန်ထုတ်စွမ်းအား လျော့နည်းမှုအန္တရာယ်။ ရန်ပုံငွေ၏ ရည်မှန်းချက်များနှင့် မပြည့်မီသော စီမံကိန်းများအတွက် ကူညီပံ့ပိုးမှုများနှင့် ရင်းမြစ်များကို လွဲမှားနေရာချထားမှုက ရန်ပုံငွေ၏ ထိရောက်မှု အမြင့်ဆုံးရောက်ရှိနိုင်စွမ်းနှင့် စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှု ထိန်းသိမ်းထားနိုင်စွမ်းကို ကန့်သတ်နိုင်ခြေရှိနိုင်သည်။ ၎င်းက ရန်ပုံငွေ၏ ထိရောက်မှုကို ဟန့်တားရုံသာမကဘဲ ရင်းမြစ်များကို ပိုမိုအကျိုးဖြစ်ထွန်းသော လုပ်ငန်းရပ်များဆီသို့ လမ်းကြောင်းချပေးရန် အခွင့်အလမ်းဆုံးရှုံးသည့် ရလဒ်လည်း ဖြစ်စေနိုင်သည်။ စီမံကိန်းရေးဆွဲမှုနှင့် ပန်းတိုင် သတ်မှတ်ရာတွင် လုံလောက်မှုမရှိခြင်း၊ ကြီးကြပ်ကွပ်ကဲမှုနှင့် စောင့်ကြည့်မှု မလုံလောက်ခြင်း၊ အန္တရာယ်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ဗျူရိုကရေစီစနစ်ကြောင့် ထိရောက်မှုမရှိခြင်းများအပါအဝင် နောက်ခံအချက်အမျိုးမျိုးတို့ကြောင့် ဤပြဿနာ ပေါ်ထွန်းလာနိုင်သည်။
- အစီရင်ခံခြင်းနှင့် ငွေစာရင်းဆိုင်ရာ စံသတ်မှတ်ချက်များတွင် တူညီမှုမရှိနိုင်ခြင်း။ လှည့်ပတ်ရန်ပုံငွေတစ်ခုကို စီမံခန့်ခွဲရာတွင် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ အစီရင်ခံမှုပုံစံ တူညီမှုမရှိခြင်းဖြစ်သည်။ အကျိုးတူပူးပေါင်းသူများနှင့် စီမံကိန်း အကျိုးခံစားသူများထံမှ အစီရင်ခံစာများသည် အမျိုးမျိုးကွဲပြားကြသည် သို့မဟုတ် တစ်သမတ်တည်းမရှိကြပေ။ ၎င်းက ရန်ပုံငွေကြီကြပ်မှုနှင့် အကဲဖြတ်မှု လုပ်ငန်းစဉ်များကို ရှုပ်ထွေးစေသည်။ အစီရင်ခံစာပုံစံကို သတ်မှတ်မထားခြင်းသည် ရန်ပုံငွေစီမံခန့်ခွဲသူ၏ စီမံကိန်းများကြား တိတိကျကျနှိုင်းယှဉ်နိုင်စွမ်း၊ အလုံးစုံစွမ်းဆောင်ရည်ကို ဆန်းစစ်နိုင်စွမ်းနှင့် တိုးတက်အောင်လုပ်ရန် နယ်ပယ်များကို ခွဲခြားသတ်မှတ်နိုင်စွမ်းတို့ကို ဟန့်တားနိုင်သည်။ အစီရင်ခံရန်ပုံစံတစ်ခုတည်းကို သတ်မှတ်ထားရှိခြင်းသည် ဒေတာ ကောက်ယူစုဆောင်းမှုကို ချောမွေ့စေရန်၊ ပွင့်လင်းမြင်သာမှုကို အားဖြည့်ရန်နှင့် ရန်ပုံငွေလည်ပတ်မှုများကို ပြည့်ပြည့်စုံစုံနှင့် ပေါင်းစပ်သုံးသပ်ရန် လွယ်ကူချောမွေ့စေပါသည်။
- ထိရောက်သည့် စောင့်ကြည့်မှုလုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ခြေ။ ခွဲဝေချထားပေးသည့် ရန်ပုံငွေများကို ကြိုတင်ဆုံးဖြတ်ထားသည့် စီမံကိန်းများနှင့်အညီ အသုံးချကြောင်း သေချာစေရန် စဉ်ဆက်မပြတ် သတိရှိမှု လိုအပ်ပါသည်။ စီမံကိန်းအချိန်ကာလအမျိုးမျိုး၊ မမျှော်မှန်းထားသည့် ကုန်ကျစရိတ်များ သို့မဟုတ် စီမံကိန်းအတိုင်းအတာအတွင်း အပြောင်းအလဲများမှ စိန်ခေါ်မှုများ ပေါ်ထွန်းလာနိုင်ပြီး ရန်ပုံငွေအသုံးချမှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုရှိနိုင်စေသည်။ လှည့်ပတ်ရန်ပုံငွေယန္တရားများကို လည်ပတ်ရာတွင် အရာရှိများအနေဖြင့် အတွေ့အကြုံမရှိခြင်းကြောင့်ဈ ထိရောက်သည့် စောင့်ကြည့်မှုဖြစ်စေရန်အလို့ငှာ အသုံးစရိတ်များကို ခြေရာခံခြင်း၊ စီမံကိန်း မှတ်တိုင်များကို စိစစ်အတည်ပြုခြင်းနှင့် ကွဲလွဲချက်များကို ချက်ချင်းကိုင်တွယ်ဖြေရှင်းခြင်းတို့ လုပ်နိုင်စေမည့် ခိုင်မာသောစနစ်တစ်ခုရှိရန် လိုအပ်သည်။
အလားအလာရှိသော အကျိုးအမြတ်များ
- မိမိဘာသာ ရေရှည်တည်တံ့နိုင်သည့် ဘဏ္ဍာရေးရင်းမြစ်။ လှည့်ပတ်ရန်ပုံငွေတစ်ခုကို မိမိဘာသာ ရေရှည်တည်တံ့နိုင်စေရန် ဖန်တီးပြုလုပ်ထားသည်။ ရန်ပုံငွေများကို အကျိုးအမြတ်ပြန်ရသည့် သို့မဟုတ် ပြန်ဆပ်ငွေပြန်ရသည့် စီမံကိန်းများ သို့မဟုတ် စီမံကိန်းများအတွက် အသုံးပြုသောကြောင့် ၎င်းသည် ဤဖွဲ့စည်းတည်ဆောက်မှုအတွင်း ရန်ပုံငွေများကို စဉ်ဆက်မပြတ် စုစည်းနေမိစေသည်။ သင့်လျော်စွာစီမံခန့်ခွဲသည့်အခါ လှည့်ပတ်ရန်ပုံငွေသည် တစ်ကြိမ်တစ်ခါ ထောက်ပံ့ငွေများ သို့မဟုတ် အလှူရှင်များထံမှ ရန်ပုံငွေအထောက်အပံ့ ခွဲတမ်းချထားပေးမှုများအပေါ် အားထားရမှုကို လျှော့ချပေးသည်။
- ပြောင်းလွယ်ပြင်လွယ်ရှိသော ငွေအရင်းအနှီး ရင်းမြစ်များ ကို ရယူသုံးစွဲခြင်း။ လှည့်ပတ် ချေးငွေရန်ပုံငွေသည် သမားရိုးကျပိုဖြစ်သည့် ရင်းမြစ်များနှင့်အတူ ပြောင်းလွယ်ပြင်လွယ်ရှိသော ငွေအရင်းအနှီး ရင်းမြစ်များကို ရယူသုံးစွဲနိုင်စေသည်။ ဦးတည်ချက်အမျိုးမျိုးနှင့် စီမံကိန်း အမျိုးမျိုးအတွက် အသုံးပြုရန် ရန်ပုံငွေကို သတ်မှတ်ထားနိုင်သည်။ ထို့အပြင် ငွေပြန်ဆပ်မှုများကြောင့် ရန်ပုံငွေ တိုးပွားလာသောအခါ ၎င်းကို ဖြစ်ထွန်းခါစ အခွင့်အလမ်းများ သို့မဟုတ် အခွင့်အလမ်းသစ်များဆီသို့ ဦးတည်ပေးနိုင်သည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ
- ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေးအေဂျင်စီများ ကောင်စီ (n.a.)။ ပြန်လှည့်ပတ်သည့် ချေးငွေရန်ပုံငွေများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာငွေ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.cdfa.net/cdfa/cdfaweb.nsf/pages/revolving-loan-funds.html
- ရေရှည်တည်တံ့သည့် အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာရေးပေါ်တယ် (2017)။ စမတ်စီးတီးများနှင့် ဆန်းသစ်တီထွင်မှုရှိသော ဘဏ္ဍာငွေ ရှာဖွေခြင်းပုံစံ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://infrastructure.iisd.org/news/smart-cities-and-innovative-financing
- အင်ဒိုနီးရှားနိုင်ငံ အစိုးရ ငွေစာရင်းဆိုင်ရာ စံအဆင့်အတန်းများ ကော်မတီ KSAP (2012)။ Technical bulletin 07 လှည့်ပတ် ရန်ပုံငွေများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.ksap.org/sap/wp-content/uploads/2012/12/Technical-Bulletin-07-Revolving-Funds.pdf
- အမေရိကန်အစိုးရ တာဝန်ခံမှုရုံး (2024)။ လှည့်ပတ် ရန်ပုံငွေများ။ အဓိက အင်္ဂါရပ်များ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.gao.gov/products/gao-24-107270
- UN-Habitat၊ Madhya Pradesh အစိုးရ (2020)။ ရပ်ရွာအသိုင်းအဝိုင်းမှ စီမံခန့်ခွဲသည့် ရေထောက်ပံ့ရေးအစီအစဉ်များနှင့် အိန္ဒိယနိုင်ငံ Madhya Pradesh ရှိ ကျူးကျော်ရပ်ကွက်များတွင် မိသားစုသုံး အိမ်သာများ ဆောက်လုပ်ရေးအတွက် လှည့်ပတ် ရန်ပုံငွေများဆိုင်ရာ လမ်းညွှန်ချက်များ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည် https://unhabitat.org/sites/default/files/2020/09/guidelines_on_revolving_funds_for_community.pdf#.~.text=URL%3A%20https%3A%2F%2Funhabitat.org%2Fsites%2Fdefault%2Ffiles%2F2020%2F09%2Fguidelines_on_revolving_funds_for_community.pdf%0AVisible%3A%200%25%20
- EY (2019)။ ခေါင်းဆောင်များက ငွေအရင်းအနှီးများကို မြို့တော်များတွင်း မည်သို့ချထားပေးနိုင်ပါသလဲ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.ey.com/en_tw/government-public-sector/how-can-leaders-put-the-capital-into-cities