ချေးငွေဆုံးရှုံးမှု မရှိစေရေး အရန်ငွေများ

ချေးငွေမဆုံးရှုံးစေရေး အရန်ငွေ (LLR) ဆိုသည်မှာ ပိုမိုကောင်းမွန်သော ချေးငွေပြန်ဆပ်ရေးစည်းမျဉ်းများကို သတ်မှတ်ထားရှိပြီး ငွေထုတ်ချေးသူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ၏ ချေးငွေ မဆုံးရှုံးစေရေးအတွက် ဗျူဟာကျကျ အထောက်အကူပြုသော ထိရောက်သည့် ချေးငွေအာမခံချက် နည်းလမ်းတစ်ခုဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

ချေးငွေဆုံးရှုံးမှု မရှိစေရေး အရန်ငွေများ (LLR) ဆိုသည်မှာ ချေးငွေယူသူ၏ ပြန်မဆပ်နိုင်မှုကြောင့် ချေးငွေများဆုံးရှုံးမှု ဖြစ်နိုင်ခြေကို လျော့ပါးသက်သာစေရန် ဘဏ္ဍာရေးအရ အကာအကွယ်တစ်ခုအဖြစ် လျာထားသည့် ရန်ပုံငွေများဖြစ်ကြသည်။ အရန်ငွေသည် ကြိုတင်သတ်မှတ်ထားသည့် ချေးငွေဆုံးရှုံးများအတွက် ပမာဏတစ်ခုကို ကာကွယ်ပေးမည်ဖြစ်သည့်အတွက် အဆိုပါရန်ပုံငွေများက ငွေထုတ်ချေးသူများအတွက် အန္တရာယ် တစ်စိတ်တစ်ပိုင်းကို အကာအကွယ်ပေးသည်။ ၎င်းတို့သည် ပိုမိုကောင်းမွန်သော ချေးငွေပြန်ဆပ်ရေးစည်းမျဉ်းများကို သတ်မှတ်ထားရှိပြီး ငွေထုတ်ချေးသူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ၏ ချေးငွေ မဆုံးရှုံးစေရေးအတွက် ဗျူဟာကျကျ အထောက်အကူပြုသော ထိရောက်သည့် ချေးငွေအာမခံချက် နည်းလမ်းတစ်ခုဖြစ်သည်။ ဘဏ္ဍာရေးအရ ဘေးကင်းသည့်ကွန်ရက်တစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြင့် LLR များသည် ချေးငွေဆုံးရှုံးမှုအန္တရာယ် လျော့ပါးစေရေး ကူညီအားဖြည့်ပေးနိုင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုရရှိအောင် တွန်းအားပေးနိုင်သည့် ပိုမိုပေါင်းစည်းပါဝင်သော ဘဏ္ဍာငွေထောက်ပံ့ရေး အခွင့်အလမ်းများရရှိရန် လမ်းခင်းပေးကြသည်။ 

LLR ပရိုဂရမ်တွင် အစိုးရဌာနသည် ၎င်း၏ အာမခံပေးမှုစံချိန်စံညွှန်းများကို မွမ်းမံပြင်ဆင်ရန်နှင့် သို့မဟုတ်ပါက ၎င်းလက်ခံနိုင်သည့် အန္တရာယ်ထက်ပို၍ လက်ခံရန် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုနှင့် လက်တွဲလုပ်ဆောင်နိုင်သည်။ သို့မှသာ ဘဏ္ဍာရေးအဖွဲ့အစည်းသည် ကဏ္ဍသစ်များသို့ ချေးငွေများပေးအပ်ခြင်း သို့မဟုတ် အတိုးနှုန်းနည်းနည်းနှင့် ပြန်ဆပ်ရန်ကာလ ပိုထားပေးခြင်းဖြင့် သက်သောင့်သက်သာပိုဖြစ်စေပါသည်။ စွမ်းအင်ချွေတာနိုင်ရေး အဆင့်မြှင့်တင်ရန် ပြန်လည်ပြင်ဆင်ခြင်းကဲ့သို့သော စီမံကိန်းများအတွက် အသေးစားချေးငွေများစွာကို ဘဏ္ဍာရေးအဖွဲ့အစည်းများက ထုတ်ချေးနိုင်သည့် အခြေအနေများတွင် LLR သည် အထူးအကျိုးရှိကြောင်း သက်သေပြပါသည်။ အန္တရာယ်များမှ ကာကွယ်ရန် နိုင်ငံတော်ရန်ပုံငွေများမှ ပမာဏအနည်းငယ်ကို အရန်ငွေအဖြစ် ဘေးဖယ်ထားခြင်းဖြင့် ပမာဏမများသော ဘဏ္ဍာငွေ ရှာဖွေခြင်း ပေးအပ်သည့် ရင်းနှီးမြှုပ်နှံမှုအစုစုတစ်ခု ဖန်တီးရန် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့ မိတ်ဖက်လုပ်ဆောင်နိုင်ကြသည်။

နိုင်ငံတော်အစိုးရများ သို့မဟုတ် ဒေသန္တရ မြူနီစီပယ်ဒေသများသည် စွမ်းအင်ချွေတာရေး အဆင့်မြှင့်တင်မှုများ သို့မဟုတ် ပြန်လည်ဖြည့်တင်းနိုင်သောစွမ်းအင် အသေးစားစီမံကိန်းများကဲ့သို့သော စမတ်စီးတီးဖြစ်စေရေး နည်းလမ်းများအတွက် ဘဏ္ဍာငွေရယူသုံးစွဲပိုင်ခွင့်ကို LLR များမှတစ်ဆင့် ချဲ့ထွင်နိုင်ကြသည်။ ဥပမာအားဖြင့် LLR များသည် အစိုးရနှင့် မိတ်ဖက် ဘဏ္ဍာရေးအဖွဲ့အစည်းများ ပူးပေါင်းစီမံခန့်ခွဲသည့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ချေးငွေအစီအစဉ်တစ်ခုကို ထောက်ပံ့နိုင်သည်။ LLR များ၏ ချေးငွေအာမခံချက်ကြောင့် အတိုးနှုန်းများ သက်သာခြင်း သို့မဟုတ် ပြန်ဆပ်ကာလ ပိုကြာရှည်ခြင်းကဲ့သို့သော ပိုကောင်းမွန်သည့် ချေးငွေအခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် LLR များသည် အန္တရာယ်ပိုများသည့် စံသတ်မှတ်ချက်ကို ထည့်သွင်းရန် မိတ်ဖက် ဘဏ္ဍာရေးအဖွဲ့အစည်းများအား ၎င်းတို့၏ အာမခံပေးမှုစံချိန်စံညွှန်းများကို ချိန်ညှိနိုင်စေသောကြောင့် ဘဏ္ဍာငွေရယူသုံးစွဲနိုင်မှု ကျယ်ပြန့်လာစေရန် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိသည်။ ငွေထုတ်ချေးသူများအနေဖြင့် ယင်းသို့သောစီမံကိန်းများတွင် အတွေ့အကြုံ အကန့်အသတ်ရှိခြင်း သို့မဟုတ် နည်းပညာများကို နားလည်မှု သိပ်မရှိခြင်းကြောင့် ငွေထုတ်ချေးလိုခြင်းမရှိသည့် စမတ်စီးတီး စီမံကိန်းများအတွက် အထူးအကျိုးရှိနိုင်သည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • အပြိုင်အဆိုင်များသည့် ဝယ်ယူရေး လုပ်ငန်းစဉ်။ ပံ့ပိုးကူညီပေးနိုင်မည့် မှန်ကန်သောဘဏ္ဍာရေးအဖွဲ့အစည်း မိတ်ဖက်ကို ရှာဖွေဖော်ထုတ်ရန် LLR အစီအစဉ်များတွင် အပြိုင်အဆိုင်များသည့် ဝယ်ယူရေး လုပ်ငန်းစဉ်တစ်ခု ပါဝင်သင့်သည်။ အဆိုပါလုပ်ငန်းစဉ်တွင် ဘဏ္ဍာရေးအဖွဲ့အစည်း၏ ချေးငွေ စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အချက်အလက်များ၊ ဦးစားပေး LRR ဖွဲ့စည်းတည်ဆောက်ပုံနှင့် အန္တရာယ်မျှဝေမှု ဖော်မြူလာ၊ ချေးငွေ အာမခံခြင်းလမ်းညွှန်ချက်များ၊ ချေးငွေစျေးကွက် ချဲ့ထွင်နိုင်မှု စွမ်းရည်၊ ချေးငွေစီမံခန့်ခွဲမှု စွမ်းဆောင်ရည်၊ ဝန်ထမ်းများနှင့် အရည်အချင်းများ ပါဝင်သင့်သည့် ဘဏ္ဍာရေးအဖွဲ့အစည်းထံမှ ကျယ်ကျယ်ပြန့်ပြန့် အဆိုပြုချက်တစ်ခု ဖန်တီးခြင်း ပါဝင်သည်။ 
  • LLR တစ်ခုကို ဖွဲ့စည်းတည်ဆောက်ခြင်း။ LLR (ချေးငွေဆုံးရှုံးမှုအတွက် အရန်ငွေများ) ကို ထားရှိသည့်အခါ ‘ရင်းနှီးမြှုပ်နှံမှုအစုစုအလိုက် ချဉ်းကပ်မှု’ ကို အသုံးပြုကြသည်ဖြစ်ရာ LLR များ သတ်မှတ်ထားရှိသည့် အစိုးရများအနေဖြင့်လည်း ၎င်းတို ပံ့ပိုးပေးထားသည့် အလုံးစုံ ချေးငွေ ရင်းနှီးမြှုပ်နှံမှုအစုစုအပေါ် အခြေပြု၍ ချဉ်းကပ်ဆောင်ရွက်ကြပါသည်။ ဥပမာအားဖြင့် ဒေါ်လာ သန်း 60 တန် ချေးငွေ အမျိုးအစုအတွက် ချေးငွေဆုံးရှုံးမှုအတွက် အရန်ငွေ 5% ဆိုသည်မှာ ဆုံးရှုံးမှုမှကာကွယ်ရန် အရန်ထားရှိငွေပမာဏသည် အမေရိကန်ဒေါ်လာ 3 သန်း ဖြစ်သည်ဟု ဆိုလိုသည်။ စနစ်ကိုစတင်ဖွဲ့စည်းသတ်မှတ်ချိန်အတောအတွင်း အစိုးရသည် ရင်းနှီးမြှုပ်နှံမှုအစုစု၏ ခန့်မှန်း ချေးငွေဆုံးရှုံးမှုထက် ပိုများသည့် အရန်ငွေပမာဏကို သတ်မှတ်နိုင်သည်။ ဥပမာအားဖြင့် ခန့်မှန်းဆုံးရှုံးမှုပမာဏမှာ ရင်းနှီးမြှုပ်နှံမှုအစုစု၏ 1.5% ဖြစ်ပါက အစိုးရနှင့် ဘဏ္ဍာရေးအဖွဲ့အစည်း မိတ်ဖက်တို့အကြား ညှိနှိုင်းမှုများပေါ်မူတည်၍ LLR ကို 5-10% တွင် သတ်မှတ်နိုင်သည်။ LLR က ဘဏ္ဍာရေးအဖွဲ့အစည်း ကြုံရမည့်အန္တရာယ်ကို ဖယ်ရှားမသော်လည်း လျော့သွားစေသည့်အတွက် နောက်ဆုံးအဆင့် အန္တရာယ်အတူမျှခံမှု ဖော်မြူလာကို အစိုးရနှင့် ငွေထုတ်ချေးသည့် ဘဏ္ဍာရေးအဖွဲ့အစည်းတို့အကြား သဘောတူရပါမည်။ ဥပမာအားဖြင့် ပစ်မှတ်ထားသည့်ဈေးကွက်မှာ ငွေထုတ်ချေးသူတစ်ဦးချင်းအတွက် ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာသော ချေးငွေများပါသည့် အသေးစားလုပ်ငန်းဆောင်ရွက်ချက် အတော်များများပါရှိသော ရင်းနှီးမြှုပ်နှံမှုအစုစုတစ်ခု ဖြစ်နိုင်သည်။ ပထမဆုံးအကြိမ် ဆုံးရှုံးမှုများကို သဘောတူညီထားသည့် အန္တရာယ်မျှခံမှု ဖော်မြူလာနှင့်အညီ LLR ကန့်သတ်ချက်သို့ မရောက်မချင်း LLR ဖြင့် ကျခံပေးနိုင်သည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • ကိုယ်ကျင့်တရားဆိုင်ရာ ဘေးဒုက္ခအန္တရာယ်။ ကြီးကြပ်မှု လုံလုံလောက်လောက်မရှိသည့် ညံ့ဖျင်းသော LLR ပရိုဂရမ်များသည် မိတ်ဖက် ဘဏ္ဍာရေးအဖွဲ့အစည်း တချို့တစ်ဝက်အပေါ် ကိုယ်ကျင့်တရားဆိုင်ရာ အန္တရာယ်ရှိသည့်အပြုအမှု ပိုမိုကျရောက်စေနိုင်ပြီး လိုအပ်သော အကာအကွယ်များနှင့် စစ်ဆေးမှုများမပြုလုပ်ဘဲ ချေးငွေများကို ထုတ်ပေးပါက အကျိုးမရှိသော ချေးငွေများ တိုးလာနိုင်သည်။ ရှင်းလင်းပြတ်သားသည့် အကြွေးပယ်ဖျက်ပေးမှုလမ်းညွှန်ချက်များနှင့် စာချုပ်ပါ တာဝန် ဝတ္တရားများကို ချမှတ်ခြင်းနှင့် ထိရောက်သော ကြီးကြပ်ကွပ်ကဲရေး ယန္တရားများကို အကောင်အထည်ဖော်ခြင်းအားဖြင့် အလွန်အကျွံ အန္တရာယ်များသည့် အပြုအမူများ လုပ်မိခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်။
  • အကျိုးတူပူးပေါင်းသူများကြား စိတ်ဝင်စားမှုများကို ညှိကြရာတွင် စိန်ခေါ်မှုများ။ LLR များကို ဖွဲ့စည်းတည်ဆောက်ရာတွင် ပါဝင်ကြသည့် အကျိုးတူပူးပေါင်းသူ အမျိုးမျိုးအကြား စိတ်ဝင်စားမှုများကို ညှိခြင်းသည် စိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည်နေနိုင်သည်။ ဥပမာအားဖြင့် အန္တရာယ်မျှခံရေး ဖော်မြူလာနှင့် နိုင်ငံတော်အစိုးရနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းကြား စည်းမျဉ်းစည်းကမ်းများကို ဆုံးဖြတ်၊ ညှိနှိုင်းကြခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်နိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင် ထိန်းသိမ်းခြင်းနှင့် ငွေအရင်းအနှီး ရယူသုံးစွဲမှု ကျယ်ပြန့်စေခြင်းတို့အကြား ဟန်ချက်ညီအောင် ဂရုတစိုက် ထည့်သွင်းစဉ်းစားမှု လိုအပ်သည်။
  • LLR များကို ပုံစံထုတ်ရာတွင် အစိုးရကဏ္ဍ၌ အတွေ့အကြုံမရှိခြင်း။ ဒေသန္တရအစိုးရများတွင် ယင်းသို့သော ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများနှင့် ပတ်သက်၍ အတွေ့အကြုံအလုံအလောက်မရှိခြင်းသည် အရန်ငွေလိုအပ်ချက်များကို လွန်ကျူးခန့်မှန်းခြင်း၊ ယင်းမှတစ်ဆင့် မလိုအပ်ဘဲ ရန်ပုံငွေများကို ထိန်းသိမ်းထားမိစေခြင်း သို့မဟုတ် လျှော့ပေါ့ခန့်မှန်းခြင်း၊ ယင်းမှတစ်ဆင့် ချေးငွေ ပြန်မဆပ်နိုင်မှုများအတွက် အကာအကွယ်မလုံလောက်သည့်အန္တရာယ် ဖြစ်စေခြင်းကဲ့သို့သော စိန်ခေါ်မှုများဆီ ဦးတည်သွားစေနိုင်သည်။ ဒေသန္တရအစိုးရများအနေဖြင့် ပုဂ္ဂလိကကဏ္ဍ လုပ်ဖော်ကိုင်ဖက်များနှင့် ရည်မှန်းချက်များကို ချိန်ညှိခြင်း၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှုကို စီမံခန့်ခွဲခြင်းနှင့် ပွင့်လင်းမြင်သာပြီး ထိရောက်သော အုပ်ချုပ်မှု ဖွဲ့စည်းတည်ဆောက်ပုံများရှိကြောင်း သေချာစေခြင်း အပါအဝင် LLR အစီအစဉ်များအတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ တည်ထောင်ချမှတ်ရာတွင်လည်း အတားအဆီးများနှင့် ရင်ဆိုင်ရနိုင်သည်။ ဤစိန်ခေါ်မှုများအတွက် စွမ်းရည် တည်ဆောက်မှု၊ အကျိုးတူပူးပေါင်းသူများ၏ ပါဝင်ဆောင်ရွက်မှုနှင့် အတွေ့အကြုံရှိသော အဖွဲ့အစည်း သို့မဟုတ် ကဏ္ဍများမှ အကောင်းဆုံးအလေ့အထများကို လက်ခံမွေးမြူရန် ဂရုတစိုက်ချဉ်းကပ်မှုတို့ လိုအပ်ပြီး သို့မှသာ LLR အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီး စီမံခန့်ခွဲနိုင်ပေမည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန် ကဏ္ဍသစ်များ သို့မဟုတ် အမျိုးအစားသစ်များကို ကူညီပံ့ပိုးခြင်း။ ချေးငွေအာမခံချက်ယန္တရားတစ်ခုဖြစ်သော LLR များသည် အတိုးနှုန်းလျော့စေခြင်းနှင့် ချေးငွေကာလ ရှည်ကြာခြင်းကဲ့သို့ ပိုကောင်းသည့် ချေးငွေစည်းမျဉ်းစည်းကမ်းများကို ပံ့ပိုးနိုင်စေရန် ဘဏ္ဍာရေးအဖွဲ့အစည်းများအား အပိုဆုကြေးရရှိနိုင်ရေး ကူညီနိုင်သည်။ ဤနည်းအားဖြင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ယခင်က ၎င်းတို့၏ အန္တရာယ်စံချိန်စံညွှန်းများကို မပြည့်မီခဲ့သည့် ချေးငွေအစီအမံများကို ကဏ္ဍသစ်များဆီသို့ ချဲ့ထွင်နိုင်ပေမည် သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန် အမျိုးအစားသစ်များကိုစမ်းသပ်လုပ်ကိုင်နိုင်မည်။
  • စီမံကိန်းအသေးစားများအတွက် ငွေအရင်းအနှီးကို ရယူသုံးစွဲရာတွင် အဆင်ပြေချောမွေ့စေခြင်း။ LLR ကို ဖွဲ့စည်းတစ်ဆောက်စဉ် ရင်းနှီးမြှုပ်နှံမှုအစုစုအလိုက် ချဉ်းကပ်မှုတွင် ပုံမှန်အားဖြင့် အသေးစားချေးငွေ ထောင်ပေါင်းများစွာ ပါဝင်သည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုအစုစုမှာ အမျိုးအစားကွဲပြားမှုရှိကြောင်း သေချာစေပြီး အစဉ်အလာဘဏ္ဍာငွေထောက်ပံ့ရေးဆိုင်ရာ ဖွဲ့စည်းမှုပုံစံများက မမြင်နိုင်သည့် အသေးစားချေးငွေ စီမံကိန်းများအတွက် ငွေအရင်းအနှီးရယူနိုင်စေသောကြောင့် အားလုံးပါဝင်ကြပြီး သက်ရောက်မှုများသည့် ဘဏ္ဍာရေးဝန်ဆောင်မှုတစ်ရပ်ကို အားပေးသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • အမေရိကန်နိုင်ငံ စွမ်းအင်ဌာန (n.a.)။ ချေးငွေဆုံးရှုံးမှု မရှိစေရေး အရန်ငွေ ရန်ပုံငွေများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်-https://www.energy.gov/scep/slsc/loan-loss-reserve-funds
  • စွမ်းအင်ချွေတာရေး စီးပွားရေးစနစ်အတွက် အမေရိကန် ကောင်စီ (2017)။ စွမ်းအင်ချွေတာရေး ဘဏ္ဍာငွေထောက်ပံ့မှု အစီအစဉ်များအတွက် ချေးငွေဆုံးရှုံးမှု မရှိစေရေး အရန်ငွေများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.aceee.org/toolkit/2017/02/loan-loss-reserves-energy-efficiency-financing-programs
  • စိမ်းလန်းစိုပြေရေး ငွေအရင်းအနှီး မဟာမိတ်အဖွဲ့ (2016)။ စိမ်းလန်းစိုပြေရေးဘဏ် ထုတ်ကုန်ပစ္စည်းနှင့် လှုပ်ရှားမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://coalitionforgreencapital.com/wp-content/uploads/2016/06/CGC-Green-Bank-Product-Activity-Overview.pdf
  • Arizona ပြည်နယ်တက္ကသိုလ်ရှိ မြို့ပြဆန်းသစ်တီထွင်မှုစင်တာ (n.a.)။ စမတ်စီးတီးများ ဘဏ္ဍာငွေထောက်ပံ့ရေးဆိုင်ရာ လမ်းညွှန်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်-https://www.nrpa.org/uploadedFiles/nrpaorg/Professional_Development/Innovat ion_Labs/Smart%20Cities%20Financing%20Guide.pdf

Case Study

Scroll to Top