အာမခံမျာ

အာမခံချက်ဆိုသည်မှာ ငွေချေးယူသူက ငွေရင်းနှင့်/သို့မဟုတ် အတိုးကို ပေးဆပ်ရန် ပျက်ကွက်ခဲ့သည်ရှိသော် အာမခံသူက ငွေထုတ်ချေးသူများအား ငွေရင်းနှင့်/သို့မဟုတ် အတိုးကို ပေးဆပ်ရန် ကတိပြုသည့် အကြွေးစာချုပ်စာတမ်းများ (ချေးငွေများ သို့မဟုတ် ငွေချေးစာချုပ်များ) အတွက် ချေးငွေအာမခံချက်တစ်ခုဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

အာမခံဆိုသည်မှာ ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများ (ချေးငွေများ သို့မဟုတ် ငွေချေးစာချုပ်များ) အတွက် ငွေချေးယူနိုင်မှုအား မြှင့်ပေးသည့် ယန္တရားတစ်ခုဖြစ်သည်။ ငွေမဆပ်နိုင်သည့် ဖြစ်ရပ်တွင် အာမခံပေးသူအနေဖြင့် အာမခံ ပေးထားသည့် ပမာဏကို ငွေထုတ်ချေးသူအား ငွေအရင်း နှင့်/သို့မဟုတ် အတိုးအနေဖြင့် ပေးရန် ၎င်းက စာချုပ်စာတမ်းဆိုင်ရာ ကတိကဝတ်တစ်ခုကို ကိုယ်စားပြုသည်။ ဤပြဌာန်းချက်သည် ရင်းနှီးမြှုပ်နှံမှုများအတွက် စွန့်စားမှုများကို အဓိပ္ပါယ်ရှိစွာ ဖယ်ရှားပေးပြီး ပုဂ္ဂလိကကဏ္ဍရှိ ဘဏ္ဍာငွေထောက်ပံ့သူများအနေဖြင့် အလွန်အရေးပါသော စီမံကိန်းများကို ရန်ပုံငွေထောက်ပံ့နိုင်စေသည့်အတွက် အရေးကြီးပါသည်။ အာမခံဖြင့် ကျောထောက်နောက်ခံပေးထားသည့် ငွေပေးငွေယူမှုများတွင် ငွေပြန်မဆပ်နိုင်သည့်နှုန်းမှာ နှိုင်းယှဉ်လောက်ဖွယ် နည်းပါးကြောင်း လေ့လာမှုများက ပြသခဲ့ပြီး အချို့သော ကိစ္စရပ်များတွင် လက်ခံထားသည့်စွန့်စားမှုများက အမှန်တကယ်စွန့်စားမှုထက် အလေးပိုများကြောင်း ညွှန်ပြသည့်အပြင် အာမခံချက်များပေးခြင်းက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီစေရန် အစိုးရကဏ္ဍအတွက် ကုန်ကျစရိတ်များကို လျော့ကျစေနိုင်သည်။

အာမခံများကို ငွေချေးယူသူ၏ ငွေအရင်းအနှီးရယူသုံးစွဲနိုင်မှုကို မြှင့်တင်ရန် အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း အများအပြားက တစ်စိတ်တစ်ပိုင်း ကြွေးမြီအာမခံ (PCG) သို့မဟုတ် တစ်စိတ်တစ်ပိုင်း စွန့်စားမှု အာမခံ (PRG) ကို ပေးကြသည်။ ငွေပြန်မဆပ်နိုင်သည့် ဖြစ်ရပ်တစ်ခုတွင် တစ်စိတ်တစ်ပိုင်း ကြွေးမြီ အာမခံများက ငွေထုတ်ချေးသူများနှင့် ရင်းနှီးမြှုပ်နှံသူများအား အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ အာမခံပေးထားသည့် ချေးငွေ သို့မဟုတ် ငွေချေးစာချုပ်၏ တစ်စိတ်တစ်ပိုင်းအတွက် ပြီးပြည့်စုံသည့် ကြွေးမြီအကာအကွယ်ကို ပေးသည်။ တစ်စိတ်တစ်ပိုင်း စွန့်စားမှု အာမခံများက ငွေထုတ်ချေးသူများအား ငွေချေးယူသူမှ နိုင်ငံရေးဆိုင်ရာ စွန့်စားမှုဖြစ်ရပ်များကြောင့် ငွေမပေးချေနိုင်ခြင်းကို လွှမ်းခြုံပေးသည်။ အခြားအသုံးချမှုတစ်ရပ်မှာ အစိုးရ ကြွေးမြီ အာမခံ အစီအစဉ်များ (PCGS) ဖြစ်ပြီး အသေးစားနှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများ (SMEs) ထံသို့ ချေးငွေများအပါအဝင် အမျိုးမျိုးကွဲပြားသော ရည်ရွယ်ချက်များအတွက် ဘဏ္ဍာငွေဆိုင်ရာ ပိတ်ဆို့မှုများကို ဖွင့်ပေးရန် အစိုးရများက အသုံးပြုနိုင်ကြသည်။ ဤအခြေအနေအတွင်း ငွေပြန်မဆပ်နိုင်သည့်ကိစ္စရပ်တွင် အစီအစဉ်က ပုံမှန်အားဖြင့် အခကြေးငွေဖြင့် ပြန်ပေးပြီး ဆုံးရှုံးမှုများမှ တစ်စိတ်တစ်ပိုင်းကို ကျခံပေးခြင်းဖြင့် ငွေထုတ်ချေးသူများအတွက် ပြင်ပအဖွဲ့အစည်းဆိုင်ရာ ကြွေးမြီစွန့်စားမှုကို လျှော့ချပေးသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • ရှင်းလင်းပြတ်သားသည့် စီမံကိန်းအဆိုပြုချက်။ ငွေထုတ်ချေးသူများနှင့် အာမခံသူများအနေဖြင့် အာမခံကို အတည်မပြုမီ စီမံကိန်းတစ်ခု၏ နည်းပညာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖြစ်နိုင်ခြေရှိမှုကို အကဲဖြတ်ရန်လိုအပ်သည်။ ဘဏ္ဍာရေးအရ ကိုယ်ပိုင်ရပ်တည်နိုင်မှုရှိကြောင်း ဖော်ပြနိုင်သော ရှင်းလင်းပြတ်သားသည့် ရည်ရွယ်ချက်၊ အတိုင်းအတာနှင့် ရလဒ်များပါရှိသည့် သေချာပြင်ဆင်ထားသော စီမံကိန်းအဆိုပြုချက်တစ်ခုသည် စီမံကိန်း၏ ဆွဲဆောင်နိုင်မှုနှင့် အာမခံတစ်ခု ရရှိနိုင်မှု အလားအလာကို တိုးမြင့်စေသည်။
  • လက်ရှိ လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးများ။ လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတစ်ခု ရှိပြီးဖြစ်သော အခြေအနေတွင် အာမခံတစ်ခု ရရှိရန် လိုအပ်သည့် အလုံးစုံယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် သိသိသာသာ အထောက်အကူပြုသည်။ အောင်မြင်သည့် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းတစ်ခု သို့မဟုတ် ယခင် ဘဏ္ဍာရေးဆိုင်ရာ ငွေပေးငွေယူဆောင်ရွက်ခဲ့ခြင်းတို့က ငွေထုတ်ချေးသူ နှင့်/သို့မဟုတ် အာမခံသူမှ ငွေချေးယူသူ၏ ယုံကြည်အားထားရခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုတို့အပေါ် ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ် အတောအတွင်း အလွန် အထောက်အကူဖြစ်စေနိုင်သည်။
  • စည်းမျဉ်းစည်းကမ်း ဆိုင်ရာ မူဘောင်များအတွင်း တသမတ်တည်းဖြစ်မှု။ တသမတ်တည်းရှိသော ဥပဒေရေးရာ ဝန်းကျင်က စာချုပ်စာတမ်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အငြင်းပွားမှုဆိုင်ရာ ယန္တရားများနှင့် ပတ်သက်၍ အာမခံသူများ၊ ငွေချေးယူသူများနှင့် ငွေထုတ်ချေးသူများအတွက် စိတ်ချရသည့် အခြေခံအုတ်မြစ် ဖြစ်စေသည်။ ဤကြိုတင်ခန့်မှန်းနိုင်မှုက အာမခံသူနှင့် ရင်းနှီးမြှုပ်နှံသူအတွက် အလုံးစုံစွန့်စားမှု အကဲဖြတ်သုံးသပ်ချက်ကို ပိုကောင်းစေပြီး အာမခံအစီအစဉ်၏ ဖြစ်နိုင်ခြေရှိမှုအပေါ် ယုံကြည်မှုကို တည်ဆောက်ပေးသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • ပါဝင်သူများ၏ မျှော်မှန်းချက်များကို ချိန်ညှိရာတွင် ဖြစ်နိုင်ခြေရှိသော ရှုပ်ထွေးမှု။ အစီအစဉ်တွင်းသို့ အနည်းဆုံး နောက်ထပ်ပါဝင်သူတစ်ဦး ထပ်တိုးခြင်းဖြင့် အာမခံများက ချေးငွေအစီအစဉ်အတွင်း ရှုပ်ထွေးမှုကိုတိုးစေသည်။ ထို့အတွက်ကြောင့် ပါဝင်သူများ၏ အကျိုးခံစားခွင့်များနှင့် မျှော်မှန်းချက်များကို ချိန်ညှိရန် အရေးကြီးပါသည်။ ယင်းအတွင်း သဘောတူညီချက်၏ မျှော်မှန်းသက်ရောက်မှုနှင့် သက်ရောက်မှုကို တိုင်းတာမည့်ပုံစံ၊ စွန့်စားမှု မျှဝေခြင်းဆိုင်ရာ အလွှာများနှင့်ပတ်သက်သည့် သဘောတူညီချက်၊ သဘောတူညီမှုကို ပိတ်သိမ်းရန် အချိန်ဇယားများနှင့် ပါဝင်သူတစ်ဦးစီ၏ ရေရှည်မျှော်မှန်းချက်များကဲ့သို့သော ရှုထောင့်များအပေါ် ချိန်ညှိမှု ပါဝင်သည်။
  • ကိုယ်ကျင့်တရားဆိုင်ရာ ဘေးဒုက္ခအန္တရာယ်။ ငွေပြန်မဆပ်နိုင်သည့် အန္တရာယ်ကို ယခုအခါ အာမခံသူထံသို့ တစ်စိတ်တစ်ပိုင်း ရွှေ့ပြောင်းပေးလိုက်သည်ကို ထည့်သွင်းစဉ်းစားပါက ညံ့ဖျင်းသော အာမခံအစီအစဉ်သည် ကိုယ်ကျင့်တရားဆိုင်ရာ အန္တရာယ်များကို တိုးပွားစေနိုင်သည်။ ဥပမာအားဖြင့် ငွေပြန်မဆပ်နိုင်မှုအား အာမခံသူက ကိုယ်စားပေးဆပ်မည် ဟူသော ယူဆချက်ဖြင့် ငွေထုတ်ချေးသူတစ်ဦးသည် စီမံကိန်းစီမံခန့်ခွဲမှု သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် သတိပြုမှု နည်းပါးသွားနိုင်သည်။ အကယ်၍ စွန့်စားမှုများကို သေချာကြိုတင်ခန့်မှန်းခြင်း သို့မဟုတ် သင့်လျော်စွာစီမံခန့်ခွဲခြင်း မပြုပါက ထပ်ခါထပ်ခါ ငွေပြန်မဆပ်နိုင်မှုများသည် အနာဂတ်တွင် ဒေသန္တရအစိုးရ၏ဘဏ္ဍာရေးအပေါ် ထိခိုက်စေနိုင်သည်။ ရှင်းလင်းပြတ်သားသည့် စာချုပ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများ၊ ချိန်ညှိထားသည့် မက်လုံးများနှင့် ထိရောက်သည့် ကြီးကြပ်မှုတို့က ပါဝင်သူများအနေဖြင့် အလွန်အကျွံ စွန့်စားမှုများသည့် အပြုအမူများ လုပ်မိခြင်းမှ ကူညီဟန့်တားပေးနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေကို တိုးမြင့်စေခြင်း။ ငွေချေးစာချုပ်ဆိုင်ရာ အာမခံ သို့မဟုတ် ချေးငွေ အာမခံ ကဲ့သို့သော အာမခံများက ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်း၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေကို ကူညီအားဖြည့်ပေးနိုင်သည်။ ဆိုးရွားသော အခြေအနေရပ်များတွင်ပင် ငွေပြန်ဆပ်ရန် တာဝန်ဝတ္တရားများကို ပြည့်မီနိုင်သည်ဟု အာမခံချက် ပေးအပ်ခြင်းဖြင့် ငွေထုတ်ချေးသူများအတွက် စီမံကိန်းများအား ပိုမိုဆွဲဆောင်မှုရှိစေရန် အာမခံများက လုပ်ပေးကြသည်။ ယင်းက သက်သာသော အတိုးနှုန်းများ သို့မဟုတ် ပို၍ ကြာရှည်သော ပြန်ဆပ်ကာလတို့ကဲ့သို့သော ပိုကောင်းမွန်သည့် ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များကို ဖြစ်ပေါ်စေနိုင်သည်။
  • ပုဂ္ဂလိကကဏ္ဍ ချေးငွေရယူသုံးစွဲရာတွင် လွယ်ကူချောမွေ့စေခြင်း။ စီမံကိန်းတစ်ခုတွင် အာမခံများရှိခြင်းက အပိုဆောင်းအာမခံချက်နှင့် စွန့်စားမှုအလွှာအလိုက် မျှဝေမှုမရှိပါက ပါဝင်ရန်တုံ့ဆိုင်းနေနိုင်သည့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများအပါအဝင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုကျယ်ပြန့်စွာ ဆွဲဆောင်နိုင်သည်။ ယင်းမှတဖန် ရင်းနှီးမြှုပ်နှံသူတစ်ဦး ယခင်က ထည့်သွင်းစဉ်းစားခဲ့မည်မဟုတ်သည့် စမတ်စီးတီးများအတွက် စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေး စီမံကိန်းများကဲ့သို့သော ကဏ္ဍများတွင်း ရင်းနှီးမြှုပ်နှံမှုများကို တိုးပွားစေသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • ADB (2023)။ အာမခံများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/what-we-do/private-sector-financing/guarantees
  • IMF (2016)။ အစိုးရ အာမခံများ၊ ပွင့်လင်းမြင်သာမှုနှင့် ဘဏ်များမှ စွန့်စားမှုယူခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.imf.org/external/np/res/seminars/2016/arc/pdf/Cordella_Dellariccia_Marquez_Session4.pdf
  • GuarantCo (n/a)။ Guarantco အကြောင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://guarantco.com/about-guarantco/
  • OECD (n/a)။ ဘဏ္ဍာငွေရယူသုံးစွဲခွင့် အဆင်ပြေချောမွေ့စေခြင်း – ကြွေးမြီ အာမခံ အစီအစဉ်များအကြောင်း ဆွေးနွေးမှု စာတမ်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.oecd.org/global-relations/45324327.pdf 

Case Study

Scroll to Top