Difference between traditional funding and crowdfunding. Available at: https://advantiss.com/crowdfunding-platforms-how-are-they-built/
အကြောင်းအရာဖော်ပြချက်
လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်းဆိုသည်မှာ အွန်လိုင်းအလှူရှင် အများအပြားထံမှ ငွေပမာဏအနည်းငယ်စီ ကောက်ယူခြင်းဖြင့် စီမံကိန်းတစ်ခု သို့မဟုတ် ပူးပေါင်းလုပ်ငန်းတစ်ခုအတွက် ဘဏ္ဍာငွေကျောထောက်နောက်ခံ ရှာယူသည့် နည်းလမ်းဖြစ်သည်။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း၏ စီမံကိန်းအနေဖြင့် သိသာများပြားသည့်ပမာဏများအထိ ရောက်နိုင်သည့် နိုင်ငံသားတစ်ဦးစီထံမှ ငွေကြေးအနည်းငယ်စီ ထည့်ဝင်မှုတစ်ခုသာ လိုအပ်သည်။ အချို့သော စီမံကိန်းများအတွက် နိုင်ငံသားများ၏ သဘောထားများနှင့်ပတ်သက်ပြီး ၎င်းတို့ထံမှ အချက်အလက်များကို စုဆောင်းနေစဉ် တစ်ချိန်တည်းမှာပင် ကောက်ခံရရှိသည့် ရန်ပုံငွေသည် မြို့ပြဝန်ဆောင်မှုများကို တိုးတက်စေမည့် ဘဏ္ဍာငွေဆီသို့ ရောက်ရှိသွားနိုင်သည်။ ဤဒေတာက မြို့တော်အစိုးရများအား ၎င်းတို့၏ အသိုင်းအဝိုင်းတွင်းရှိ လူကြိုက်များမှုများ၊ ဦးစားပေးမှုများနှင့် အပြုအမူပုံစံများနှင့် ပတ်သက်၍ ကျိုးကြောင်းအသိပေးနိုင်ပြီး ဒေသခံအာဏာပိုင်များက နိုင်ငံသားများအား ဝန်ဆောင်မှုပေးပုံနည်းလမ်းကို မြှင့်တင်ပေးသည်။
အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ
- လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်းအတွက် အရည်အသွေးပြည့်မီသည့် စီမံကိန်းအမျိုးအစားနှင့် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ဘက်ဂျက်များ၏ အတိုင်းအတာအတွက် ရှင်းလင်းသည့်လမ်းညွှန်ချက်များ ဖော်ဆောင်သတ်မှတ်ထားသည်။ မဖြစ်မနေပေးရမည့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို အေဂျင်စီများ သို့မဟုတ် ဒေသန္တရ အစိုးရများမှ ဆက်လက်ပံ့ပိုးကြောင်းနှင့် မူလရန်ပုံငွေထောက်ပံ့ရေး ရင်းမြစ်တစ်ခုအဖြစ်ထက်စာလျှင် ထပ်ဆောင်းကူညီပံ့ပိုးမှုပုံစံတစ်ခုအဖြစ် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ဘက်သို့လှည့်ကြောင်း သေချာစေရန် ရှင်းလင်းသည့် လမ်းညွှန်ချက်များ ဖော်ဆောင်သတ်မှတ်ထားရန် လိုအပ်ပါသည်။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း မှတစ်ဆင့် ကောက်ယူစုဆောင်းနိုင်သည့် ရန်ပုံငွေပမာဏနှင့် ရန်ပုံငွေရှာဖွေရာတွင် ပါဝင်ဆောင်ရွက်သင့်သည့် အကျိုးတူပူးပေါင်းသူများအား ခွင့်ပြုပေးနိုင်မှုများကို လမ်းညွှန်ချက်များတွင် ရှင်းလင်းစွာ သတ်မှတ်သင့်သည်။
- ကောက်ခံရရှိသော ရန်ပုံငွေများကို မည်သို့အသုံးပြုပြီး စီမံခန့်ခွဲမည် ဆိုသည့်အကြောင်း ရှင်းလင်းသော လမ်းညွှန်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို အကျိုးတူပူးပေါင်းသူများထံ အသိပေးထားသင့်ပါသည်။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ကမ်ပိန်းများ အောင်မြင်စေရန်အတွက် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း လုပ်ငန်းစဉ်အတွင်း အများပြည်သူယုံကြည်မှုကို ပြိုပျက်စေမည့် ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို ရှောင်ရှားရန် ကောက်ခံရရှိသော ရန်ပုံငွေများကို မည်သို့အသုံးပြုပြီး စီမံခန့်ခွဲမည် ဆိုသည့်အကြောင်း ရှင်းလင်းသော လမ်းညွှန်ချက်များ ထုတ်ပြန်ရပါမည်။ ရန်ပုံငွေ ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသည် ရှင်းလင်းသည့် တာဝန်ယူမှုဖြင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ရုံသာမက အသုံးမပြုသော ရန်ပုံငွေများကို စီမံခန့်ခွဲရာတွင်လည်း ရှင်းရှင်းလင်းလင်း ထည့်သွင်းတွက်ချက်ရန် လိုအပ်ပါသည်။ ၎င်းတွင် ပိုလျှံစုဆောင်းခဲ့သော ရန်ပုံငွေအပြင် နောက်ဆုံး၌ ဖျက်သိမ်းခဲ့သော စီမံကိန်းများအတွက် စုဆောင်းခဲ့သည့် ရန်ပုံငွေများကို ကိုင်တွယ်မှု ပါဝင်နိုင်သည်။
- လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း မှတစ်ဆင့် ကောက်ခံရရှိသော ငွေကြေးများအတွက် အခွန်စည်မျဉ်းများကို သတ်မှတ် ဖော်ဆောင်သင့်သည်။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်းမှတစ်ဆင့် ကောက်ခံထားသော ရန်ပုံငွေများကို ၎င်းတို့၏ ရည်ရွယ်ထားသည့် ရည်ရွယ်ချက်အတွက် အသုံးပြုကြောင်း သေချာစေရန် အလှူရှင်နှင့် ကောက်ခံသူ နှစ်ဦးလုံးအတွက် ယင်းသို့သောရန်ပုံငွေများ ကောက်ခံမှုကို လမ်းညွှန်ပေးသည့် အခွန်စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းစွာ သတ်မှတ်ဖော်ဆောင်ထားရန် လိုအပ်ပါသည်။
အလားအလာရှိသော စိန်ခေါ်မှုများ
- အစိုးရထံတွင် အတွေ့အကြုံမရှိခြင်း။ အစိုးရအရာရှိများတွင် ခိုင်မာသည့် အများပြည်သူအကျိုးစီးပွားနှင့် ကူညီပံ့ပိုးမှုကို ရရှိစေနိုင်မည့် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ကမ်ပိန်းများကို ဒီဇိုင်းပုံစံဆွဲရာ၌ အတွေ့အကြုံ အကန့်အသတ်ရှိနိုင်ပါသည်။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ကမ်ပိန်းများ အောင်မြင်စေရန်အတွက် စီမံကိန်း၏ ရည်မှန်းချက်များနှင့် ရန်ပုံငွေများကို ရပ်ရွာလူထုအတွက် အကျိုးရှိစေရန် မည်သို့အသုံးပြုမည့်အကြောင်း အများပြည်သူအား ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်ပြီး ကမ်ပိန်းကို လူသိရှင်ကြားထုတ်ပြန်ရန် ဆိုရှယ်မီဒီယာ ကမ်ပိန်းများ မကြာခဏ လိုအပ်တတ်ပါသည်။
- လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ကမ်ပိန်းများကို စီမံခန့်ခွဲမှု ကုန်ကျစရိတ်။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ပလက်ဖောင်းများနှင့် ငွေပေးချေဝန်ဆောင်မှုပေးသူများသည် ငွေကောက်ခံရန်နှင့် ရန်ပုံငွေလွှဲရန်အတွက် ၎င်းတို့၏ပလက်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် အခကြေးငွေကောက်ခံနိုင်ပါလိမ့်မည်။ ၎င်းက လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ကမ်ပိန်းတွင် တစ်ဦးချင်းစီ လှူဒါန်းမှုများမှာ ပမာဏ နည်းပါးသည့်အတွက် သိသာထင်ရှားသော ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ မြို့တော်အစိုးရသည် ကြားခံများထံ လှူဒါန်းမှုများ၏ သိသာထင်ရှားသော အစိတ်အပိုင်းကို ‘ဆုံးရှုံးခြင်း’ မရှိစေဘဲ ငွေကြေးကောက်ခံမှုများကို အကောင်းဆုံးဖြစ်စေရေး နည်းလမ်းကို ရှာဖွေရန် လိုအပ်နိုင်ပါသည်။
- လူထု၏ အချို့သောအပိုင်းများတွင် အသုံးပြု၍ မရနိုင်ခြင်း။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်းသည် အများပြည်သူပိုင် စီမံကိန်းများအတွက် ရန်ပုံငွေများ ကောက်ခံရှာဖွေရာတွင် အတော်သစ်ဆန်းသော ချဉ်းကပ်မှုတစ်ခုဖြစ်ပြီး ရန်ပုံငွေများ ရှာဖွေရန်အတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ အသုံးပြုခြင်းသည် ထိုပလက်ဖောင်းများကို ဝင်ရောက်ကြည့်ရှုရန် ဒစ်ဂျစ်တယ်စွမ်းရည်များ ကင်းမဲ့နေနိုင်သည့် သို့မဟုတ် အွန်လိုင်း ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းများကို – အထူးသဖြင့် အွန်လိုင်းနေရာများတွင် လိမ်လည်မှုများ ဖြစ်နိုင်ခြေများကြောင့် – ယုံကြည်မှုနည်းပါးသည့် လူထု၏ အချို့သောအပိုင်းများနှင့် ကင်းကွာနေနိုင်ပါသည်။
အလားအလာရှိသော အကျိုးအမြတ်များ
- အသေးစားစီမံကိန်းများအတွက် ဘဏ္ဍာငွေကို လျင်မြန်စွာ ကောက်ခံစုဆောင်းနိုင်စေခြင်း။ ကောင်းစွာ လူသိများပြီး အောင်မြင်သော ကမ်ပိန်းတစ်ခုသည် စမတ်စီးတီး အသေးစားစီမံကိန်းများအတွက် ရန်ပုံငွေများကို လျင်မြန်စွာ ကောက်ခံစုဆောင်းနိုင်ပြီး အဆိုပါ စီမံကိန်းများကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်စေမည်ဖြစ်သည်။ ယင်းက အခွန်ထမ်းသူများထံမှငွေကို အသုံးပြုခြင်းသည် ပို၍တရားဝင်သော လုပ်ငန်းစဉ်များနှင့် ပိုကြာရှည်သော ခွင့်ပြုကာလများကို ကြုံတွေ့ရနိုင်သောကြောင့် တူညီသောစီမံကိန်းများအတွက် အစိုးရရန်ပုံငွေထောက်ပံ့မှုကို ရှာဖွေခြင်းထက် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်းက ပိုမိုထိရောက်စေနိုင်သည်။
- ရန်ပုံငွေများကို နိုင်ငံသားများက ဦးစားပေးဆောင်ရွက်သည့် စီမံကိန်းများသို့ ဦးတည်ပေးခြင်း။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း၏ သဘောသဘာဝအရ နိုင်ငံသားများသည် ၎င်းတို့၏အသိုင်းအဝိုင်း သို့မဟုတ် ရည်ရွယ်ထားသော အကျိုးခံစားခွင့်ရှိသူများအတွက် အသုံးဝင်ပြီး အဖိုးတန်သည်ဟုမြင်သည့် စီမံကိန်းများကိုသာ လွတ်လွတ်လပ်လပ် ပံ့ပိုးနိုင်သည်ဟု ဆိုလိုသည်။ ဤသည်က အသိုင်းအဝိုင်း သို့မဟုတ် သီးခြားအကျိုးခံစားခွင့်ရှိသူများ၏ လိုအပ်ချက်များနှင့် အကိုက်ညီဆုံးဟု ယူဆရသည့် အရေးအပါဆုံးသော စီမံကိန်းများကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆိုလိုပါသည်။
- ပြည်သူများ၏ သဘောထားများနှင့် ပတ်သက်ပြီး ဒေတာစုဆောင်းရန် အစိုးရများကို ဖွင့်ပေးခြင်း။ လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း ကမ်ပိန်းများသည် အချို့သော စီမံကိန်းများအပေါ် နိုင်ငံသားများ၏ ဦးစားပေးနှစ်သက်မှုနှင့် သဘောထားများပေါ်မှ ဒေတာစုဆောင်းရန် အစိုးရများအတွက် လမ်းကြောင်းတစ်ခု ဖြစ်နိုင်သည်။ ဒေသန္တရ အာဏာပိုင်များက နိုင်ငံသားများအား ဝန်ဆောင်မှုပေးသည့်နည်းလမ်းကို တိုးတက်ကောင်းမွန်လာစေရန်နှင့် ၎င်းတို့၏အသိုင်းအဝိုင်းအတွင်း လူကြိုက်များမှု၊ ဦးစားပေးနှစ်သက်မှုများနှင့် အမူအကျင့်ပုံစံများကို မြို့တော်အစိုးရများအား အသိပေးရန်အတွက် ဒေတာကို အသုံးပြုနိုင်သည်။
- အသိုင်းအဝိုင်းအတွင်း ပိုင်ဆိုင်မှုရှိကြောင်း အသိစိတ်နှင့် စွမ်းဆောင်ရည်တို့ကို ဖန်တီးနိုင်ခြင်း။ အသိုင်းအဝိုင်းတစ်ခုထံမှ ကောက်ယူရရှိသော ရန်ပုံငွေကို ထိုအသိုင်းအဝိုင်းတွင်း အကျိုးခံစားခွင့်ရှိသူများအတွက် ပံ့ပိုးကူညီရန် အသုံးပြုသောအခါ ၎င်းက စီမံကိန်း၏ ရလဒ်များကို ဖော်ဆောင်ရာတွင် ပါဝင်လုပ်ဆောင်သည်ဟူသော ခံစားချက်တစ်ခုကို ဖန်တီးပေးနိုင်ပါသည်။ အသိုင်းအဝိုင်းဝင်များသည် ပိုင်ဆိုင်မှုနှင့် စွမ်းဆောင်ရည်ရှိသည်ဟူသည့် စိတ်မျိုးကို ခံစားမိလျှင် စီမံကိန်းကို ဘဏ္ဍာရေးအရမဟုတ်သော နည်းလမ်းများဖြင့် ပံ့ပိုးကူညီနိုင်ခြေ ပိုများလာပြီး စီမံကိန်း၏ အောင်မြင်နိုင်ခြေကို တိုးမြင့်လာစေပါမည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်မျာ
- Carè, Trotta, Carè and Rizzello (2018). စမတ်စီးတီးများ ဖော်ထုတ်ရန်အတွက် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း (Crowdfunding)။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.sciencedirect.com/science/article/abs/pii/S0007681317301908
- Gooch, Kelly, Stivera, van der Lindena, Petrea, Richards, Klis-Davies, MacKinnon, Macpherson and Walton (2019). ဒစ်ဂျစ်တယ် မြို့ပြများ (Digital Civics) နှင့် ဆက်စပ်အခြေနေအတွင်း အသိုင်းအဝိုင်း ဦးဆောင်သည့် စီမံကိန်းများ အဆင်ပြေချောမွေ့စေရန် လူစုလူဝေးထံမှ ရန်ပုံငွေထောက်ပံ့ခြင်း အသုံးပြုခြင်း၏ အကျိုးအမြတ်များနှင့် စိန်ခေါ်မှုများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- neptune-prod.its.unimelb.edu.au/server/api/core/bitstreams/710f816a-2dab-5004-8f65-bf3e60fb25db/content
- ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://cms.mit.edu/civic-crowdfunding-participatory-communities-entrepreneurs-political-economy-place/