အကြောင်းအရာဖော်ပြချက်
သက်သာသောချေးငွေများဆိုသည်မှာ ငွေချေးယူသူတစ်ဦးအနေဖြင့် ဈေးကွက်တွင်း ရရှိနိုင်သည်ထက် ပိုအဆင်ပြေသည့် သတ်မှတ်ချက်များဖြင့် ကမ်းလှမ်းပေးသည့် ချေးငွေများဖြစ်ကြသည်။ ယင်းသို့သော သတ်မှတ်ချက်များတွင် ပုံမှန်အားဖြင့် ဈေးကွက်ပေါက်ဈေးထက် လျော့နည်းသော အတိုးနှုန်းများ၊ ချေးငွေလက်ခံသူအနေဖြင့် ကြွေးပြန်ဆပ်ရန်မလိုအပ်သေးသည့် ဆိုင်းငံ့ကာလများ သို့မဟုတ် ထိုနှစ်ခုလုံး ပါဝင်သည်။ ယင်းသို့သော ချေးငွေများကို ချေးငွေလက်ခံယူသည့် နိုင်ငံများအတွင်းရှိ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို ကူညီပံ့ပိုးရန် အဓိကရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ (DFI များ) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ၊ အလှူရှင် အေဂျင်စီများ သို့မဟုတ် အစိုးရ (တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ (ODA) မှတစ်ဆင့်) က ပေးအပ်လေ့ရှိသည်။ ဤချေးငွေများ၏ သက်သာသော သဘောသဘာဝအရ ငွေချေးယူသူအတွက် ငွေရင်း ကုန်ကျစရိတ်ကို လျော့နည်းစေပြီး ထိုမှတစ်ဆင့် စီမံကိန်းတစ်ခုကို ငွေကြေးထောက်ပံ့ရန် အလွန်တရာလိုအပ်သည့် ငွေအရင်းအနှီးကို ရယူအသုံးပြုနိုင်စေသည်။ မှန်ကန်သည့် စီစဉ်မှုဖြင့်ဆိုပါက သက်သာသောချေးငွေများသည် စီမံကိန်းတစ်ခု စတင်လိုက်သည်နှင့် ပိုမိုကြီးမားသည့် ပုဂ္ဂလိကကဏ္ဍ ရန်ပုံငွေထောက်ပံ့မှုကို ဆွဲဆောင်ရန် အရေးကြီးသော ပေါင်းကူးကိရိယာတစ်ခုအဖြစ် ဆောင်ရွက်နိုင်သည်။
အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ
- မြို့တော်တစ်ခု၏ ကြွေးပြန်ဆပ်နိုင်ခြေ။ ကြွေးပြန်ဆပ်နိုင်ခြေ မြင့်မားသောအဆင့်ကို ထိန်းသိမ်းထားခြင်းသည် သက်သာသော ချေးငွေကို ရှာဖွေနေသည့် မြို့တော်များအတွက် အရေးကြီးပါသည်။ ကြွေးပြန်ဆပ်နိုင်ခြေဆိုသည်မှာ မြို့တော်က ၎င်း၏ပြန်ဆပ်ရမည့် ကြွေးမြီများအား အချိန်မီပြန်ဆပ်နိုင်ခြင်းကို ရည်ညွှန်းပါသည်။ ကြွေးပြန်ဆပ်နိုင်ခြေ၏ အရင်းခံအချက်များတွင် ထိရောက်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုနှင့် ချေးငွေများကို ပြန်ဆပ်ကြောင်း သက်သေပြသည့် ယခင်မှတ်တမ်းတစ်ခု ပါဝင်သည်။ အဆိုပါ အခြေခံမူများကို တစ်သမတ်တည်း စွဲကိုင်သည့် မြို့တော်တစ်ခုသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ သို့မဟုတ် အလှူရှင်အေဂျင်စီများကြား၌ ၎င်း၏ဂုဏ်သတင်းကို မြှင့်တင်နိုင်ပြီး ဤနည်းအားဖြင့် သက်သာသောချေးငွေများရရှိနိုင်ရန် အထောက်အကူပြုသည်။
- DFI မှ အထောက်အပံ့ သို့မဟုတ် ODA ကို တိုက်ရိုက်ရယူအသုံးပြုခွင့်။ မြို့တော်နှင့် DFI သို့မဟုတ် အလှူရှင်အေဂျင်စီတို့ကြား တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မှုကို အားပေးခြင်းသည် မြို့တော်များအနေဖြင့် ပို၍အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးမှုတွင် ပါဝင်ပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့် ပို၍နီးနီးကပ်ကပ် ကိုက်ညီသည့် အစီအစဉ်များကို ဖော်ထုတ်နိုင်စွမ်းရှိစေသည်။ ၎င်းက မြို့တော်များအား ဤအဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုနှင့် ရင်းမြစ်များကို တိုက်ရိုက်ရယူသုံးစွဲနိုင်စွမ်းရှိစေပြီး အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် သက်သာသော ချေးငွေ ရရှိရေးလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့နိုင်စေသည်။ အချို့သော အခြေအနေများတွင်၊ ၎င်းက ပြည်တွင်းအစိုးရများအား ခွင့်ပြုထားသော ကြွေးမြီရယူမှုပုံစံများမှတစ်ဆင့် ငွေအရင်းအနှီးကို ရယူသုံးစွဲခွင့်ပြုသည့် ဥပဒေ သို့မဟုတ် စည်းမျဉ်းမူဘောင်များကို ချမှတ်ခြင်း၊ ရှင်းလင်းဖော်ပြခြင်း သို့မဟုတ် အားပေးမြှင့်တင်ခြင်းတို့ကို ဆိုလိုခြင်းဖြစ်နိုင်သည်။
အလားအလာရှိသော စိန်ခေါ်မှုများ
- ငွေချေးယူမှုနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် ဥပဒေ သို့မဟုတ် စည်းမျဉ်းမူဘောင်မရှိခြင်း။ ရှင်းလင်းပြတ်သားမှုမရှိသည့် ဥပဒေ သို့မဟုတ် စည်းမျဉ်းမူဘောင်များက မြို့တော်တစ်ခု၏ ငွေချေးယူနိုင်စွမ်းကို ဟန့်တားနိုင်သည်။ ဥပမာ၊ ငွေချေးစာချုပ်များ သို့မဟုတ် အခြားတရားဝင်ငွေချေးယူမှု ပုံစံများမှတစ်ဆင့် ငွေအရင်းအနှီး မတည်ရန် ဒေသအစိုးရများကို တရားဝင် ခွင့်ပြုသော်လည်း လက်တွေ့တွင် ဗဟိုအစိုးရထံမှ ရှင်းလင်းပြတ်သားမှုမရှိသော ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဆိုင်ရာ ကျင့်ထုံးများ သို့မဟုတ် မြို့တော်များအနေဖြင့် ဒေသဆိုင်ရာလိုငွေကို မည်သို့စီမံခန့်ခွဲသင့်ကြောင်း သို့မဟုတ် ချေးငွေအာမခံပစ္စည်းများအဖြစ် မည်သည်ကိုအသုံးပြုနိုင်ကြောင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်များ မရှိခြင်းက မြို့တော်များအား သက်သာသော ဘဏ္ဍာငွေ ရှာဖွေခြင်းမှတစ်ဆင့် ငွေအရင်းအနှီး ရယူအသုံးပြုမှုကို တားဆီးနိုင်သည်။
- အစိုးရအရာရှိများ၏ စီမံအုပ်ချုပ်မှုစွမ်းရည် အကန့်အသတ်ရှိခြင်း။ အထူးသဖြင့် စီမံကိန်းအတွက် အဆိုပြုချက်အသေးစိတ် ရေးဆွဲခြင်း၊ ဘဏ္ဍာငွေ စီမံချက်ရေးဆွဲခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်ချက်များကဲ့သို့သော လိုအပ်ချက်များနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိနိုင်သည့် ပြည်တွင်းအစိုးရအရာရှိများအတွက် သက်သာသော ချေးငွေများရရှိရန် လျှောက်ထားသည့်လုပ်ငန်းစဉ်သည် ရှုပ်ထွေးနိုင်သည်။ စီမံအုပ်ချုပ်မှုစွမ်းရည် အကန့်အသတ်ရှိသော မြို့တော်များသည် လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်တင်သွင်းရာ၌ စိန်ခေါ်မှုများ တွေ့ရနိုင်သည်။
- ပြည်သူပိုင် ကဏ္ဍအတွင်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ။ လက်ရှိကြွေးမြီ မြင့်မားနေသော သို့မဟုတ် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု အားနည်းသော မြို့တော်များသည် သက်သာသော ချေးငွေရရှိရန် ၎င်းတို့တောင်းခံနေသည့် အပြည်ပြည်ဆိုင်ရာ DFI သို့မဟုတ် အလှူရှင်အေဂျင်စီက သတ်မှတ်ထားသည့် စံနှုန်းများကို ပြည့်မီရန် ခဲယဉ်းနိုင်သည်။ နိုင်ငံရေးအခြေအနေများ၊ ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းကဲ့သို့သော နောက်ခံအချက်များကလည်း မြို့တော်တစ်ခု၏ ထိရောက်စွာ ကြွေးမြီစီမံခန့်ခွဲနိုင်မှုကို ဟန့်တားနိုင်ပြီး သက်သာသောချေးငွေများကို ရယူအသုံးပြုရာတွင် အတားအဆီးဖြစ်စေသည်။
အလားအလာရှိသော အကျိုးအမြတ်များ
- သက်သာသောချေးငွေများသည် စရိတ်တတ်နိုင်သည့် ဘဏ္ဍာငွေ ရှာဖွေခြင်းကို ပေးအပ်သည်။ သက်သာသောချေးငွေများက မြို့တော်များအား စမတ်စီးတီး စီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန် ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းများကိုပေးသည်။ သက်သာသောချေးငွေများတွင် အတော်လေး ရိုးရှင်းသော ဖွဲ့စည်းမှုပုံစံရှိပြီး စီမံကိန်းတစ်ခု၏ မည်သည့်အဆင့်မဆိုတွင် အလျင်အမြန် အသုံးချနိုင်သည်။ သက်သာသော အတိုးနှုန်းများ၊ ငွေပြန်ဆပ်ရန်ကာလ အချိန်တိုးပေးမှုများကြောင့် သို့မဟုတ် ထိုအချက်နှစ်ခုလုံးကြောင့် ဤချေးငွေများက မြို့တော်များအတွက် ငွေချေးယူသည့် ကုန်ကျစရိတ်ကို လျှော့ချပေးပြီး အလားအလာကြီးမားသော်လည်း ငွေကြေးအရ လက်တွေ့မဖြစ်နိုင်သည့် စီမံကိန်းများကို အကောင်အထည်ဖော်ရန် မြို့တော်များကို ခွင့်ပြုပေးသည်။
- ချေးငွေများသည် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ၏ နောက်ပိုင်းအဆင့်များကို ထောက်ကူ သို့မဟုတ် ပံ့ပိုးပေးမည့် အလားအလာရှိနိုင်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများသည် စီမံချက်တွင် အလားအလာကြီးကြီးမားမားရှိနေသည့်တိုင် သိရှိထားသော ဆုံးရှုံးနိုင်ခြေအဆင့်များကြောင့် အချို့သောစီမံချက်များကို ဘဏ္ဍာငွေထောက်ပံ့ရန် တွေဝေနေနိုင်သည်။ သက်သာသောချေးငွေများသည် စီမံချက်စတင်ဆောင်ရွက်ပြီး ၎င်း၏အလုပ်ဖြစ်နိုင်စွမ်းကို လက်တွေ့ပြသရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စီမံချက်က သက်သေပြနိုင်သည့် အောင်မြင်မှုမှတ်တမ်းတစ်ခု ဖော်ဆောင်လိုက်သည်နှင့် ၎င်းတွင် ပါဝင်ရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်လာနိုင်သည်။
- ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အဆင်ပြေချောမွေ့စေပြီး ဆန်းသစ်တီထွင်မှုကို ပံ့ပိုးပေးသည်။ သမားရိုးကျ ငွေကြေးလုပ်ငန်းရှင်များအတွက် အခြေတည်စဖြစ်လွန်းသည် သို့မဟုတ် အန္တရာယ်များလွန်းသည်ဟု ထင်ရနိုင်သည့် အကျိုးသက်ရောက်မှု မြင့်မားသော စီမံကိန်းများအတွက် သက်သာသောချေးငွေများက ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်အားပေးနိုင်သည်။ ဥပမာအားဖြင့်၊ သက်သာသောချေးငွေများက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများကို ဘဏ္ဍာငွေကူညီထောက်ပံ့ပေးနိုင်ပြီး နိုင်ငံတစ်ခုအတွင်း ၎င်း၏အလုပ်ဖြစ်နိုင်စွမ်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတစ်ခု၏ အလားအလာကို ပြသပါသည်။ ဘဏ္ဍာငွေ အထောက်အပံ့ရှိခြင်းသည် ဖွံ့ဖြိုးစ ဈေးကွက်တစ်ခု၏ တိုးတက်မှုနှင့် ရင့်ကျက်မှုကို အထောက်အကူဖြစ်စေသည့် ရှေ့ဆောင်စီမံချက်များကို စူးစမ်းလေ့လာရာတွင် အားပေးသည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ
- C40 Cities (2022)။ ကြွေးပြန်ဆပ်နိုင်ခြေဆိုင်ရာ လုပ်ထုံးလုပ်နည်းကောင်း လမ်းညွှန်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.c40.org/wp-content/uploads/2022/02/C40-Good-Practice-Guide-Creditworthiness.pdf
- ADB (2019)။ သက်သာသောချေးငွေ၏ ဆီလျော်မှုနှင့် ရလဒ်များ။ အာရှဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ XI နှင့် 12။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/sites/default/files/evaluation-document/479836/files/ce-adf_6.pdf
- ကမ္ဘာ့ဘဏ် ဘလော့ဂ် (2021)။ ရာသီဥတုအရေး ဆောင်ရွက်ချက်အတွက် သက်သာသောချေးငွေအကြောင်း သင်သိထားရန် လိုအပ်သည်များ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.worldbank.org/en/news/feature/2021/09/16/what-you-need-to-know-about-concessional-finance-for-climate-action
- UN-OHRLLS (2023)။ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများအတွက် ဘဏ္ဍာငွေထောက်ပံ့မှု ရယူအသုံးပြုခွင့်ကို မြှင့်တင်ခြင်း (အစီရင်ခံစာ အကြမ်း) ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.un.org/ldc5/sites/www.un.org.ldc5/files/improving_access_to_finance_for_the_least_developed_countries-report.pdf
