ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ
အများသုံး လျှပ်စစ်ဘတ်စ်ကားများအတွက် ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း
နောက်ခံအကြောင်းအရာ
2025 ခုနှစ်တွင် မြို့တော်၏ အများသုံးဘတ်စ်ကားများ၏ 25% ကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်သည့်စနစ် ဖြစ်စေရန်ရည်ရွယ်သည့် အများသုံး သယ်ယူပို့ဆောင်ရေးအား လျှပ်စစ်ဓာတ်အားသုံး စနစ်သို့ပြောင်းရေး စီမံကိန်းတစ်ခုကို ချီလီနိုင်ငံ၊ ဆန်တီအေဂိုတွင် 2017 ခုနှစ်အတွင်း စတင်ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ဘတ်စ်ကားသစ်များကို ဘဏ္ဍာငွေထောက်ပံ့ရန် ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေ ရှာဖွေသည့် ဆန်းသစ်သောအစီအစဉ်တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဆန်တီအေဂို၏ ပုဂ္ဂလိက ဘတ်စ်ကားပြေးဆွဲရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော Metbus သည် အီတလီ ရေမီးဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Enel နှင့် တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်သူ BYD တို့နှင့် ပူးပေါင်းပြီး လျှပ်စစ်ဘတ်စ်ကားများကို မိတ်ဆက်ပေးရန် ရှေ့ပြေးစီမံကိန်းတစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။ ရှေ့ပြေးစီမံကိန်းက အောင်မြင်မှုတစ်ခုကို သက်သေပြခဲ့ပြီး Metbus ကို Santiago အတွင်း လျှပ်စစ်ဘတ်စ်ကားများအား အကြီးမားဆုံး ဖြန့်ကျက်အသုံးပြုသူ ဖြစ်စေရန် ၎င်းအား ချဲ့ထွင်ခဲ့သည်။
ချဉ်းကပ်ပုံ
ဆန်တီအေဂို၏ ပုဂ္ဂလိက ဘတ်စ်ကား ပြေးဆွဲရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော Metbus သည် အီတလီ ရေမီးဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Enel နှင့် တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူ BYD တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ Enel က ဘဏ္ဍာရေးဆိုင်ရာ အေးဂျင့်နှင့် စွမ်းအင်ပံ့ပိုးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး BYD လျှပ်စစ်ဘတ်စ်ကားများကို Metbu သို့ 10 နှစ်ကြာ ကာလတစ်ခုစာ ငှားရမ်းခဲ့သည်။ Metbus က ဘတ်စ်ကားများကို လည်ပတ်မောင်းနှင်ရန်နှင့် အခြေခံ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရန် တာဝန်ရှိခဲ့ပြီး BYD က ဘက်ထရီအိုးများ အပါအဝင် ပိုမိုရှုတ်ထွေးသော ထိန်းသိမ်းပြုပြင်မှုများအတွက် တာဝန်ခံဖြစ်ခဲ့သည်။ ဘတ်စ်ကားများ စွမ်းဆောင်ရည် မပြည့်မီပါက ဖြစ်ပေါ်စေသည့် ဒဏ်ကြေးငွေကို ထုတ်လုပ်သူမှ ပေးဆောင်ရန် တာဝန်ရှိမည်ဖြစ်ကြောင်းလည်း Metbus က BYD နှင့် သဘောတူညီချက်တစ်ခု ရရှိထားပြီးဖြစ်သည်
ဘတ်စ်ကားအသစ်များကို ဘဏ္ဍာငွေထောက်ပံ့ရန်အတွက် ဆန်းသစ်တီထွင်မှုရှိသော ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း အစီအစဉ်ကို မိတ်ဆက်ခဲ့ပါသည်။ စွမ်းအင်ပံ့ပိုးသူ (Enel) သည် ကုမ္ပဏီတွင်း ရန်ပုံငွေများ သို့မဟုတ် ကြွေးမြီဖြင့် ဘဏ္ဍာငွေ ရှာဖွေခြင်းအား အသုံးပြုပြီး BYD ထံမှ လျှပ်စစ်ဘတ်စ်ကားအသစ်များ ဝယ်ယူခြင်းအတွက် ရှေ့ပြေးကုန်ကျစရိတ်ကို ကျခံပေးပါမည်။ ဘတ်စ်ကားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ (Metbus) သည် ဒီဇယ်စွမ်းအင်သုံး ဘတ်စ်ကားတစ်စီးဝယ်ယူခြင်းအတွက် ကုန်ကျငွေထက် မပိုသော ရှေ့ပြေးကုန်ကျစရိတ်ဖြင့် စွမ်းအင်ပံ့ပိုးသူထံမှ ဘတ်စ်ကားများကို ငှားရမ်းပါမည်။ ယင်းအစား ကုန်ကျစရိတ်ကို ဆန်တီအေဂို၏ ပိုမိုကျယ်ပြန့်သော အများသုံး သယ်ယူပို့ဆောင်ရေး စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စနစ်အတွင်း ရန်ပုံငွေများ ဖြန့်ဝေရာတွင် တာဝန်ရှိသော ဘဏ္ဍာငွေ စီမံအုပ်ချုပ်ရေး အေဂျင်စီတစ်ခုမှတစ်ဆင့် Enel အား ငွေပေးချေမှုများနှင့်အတူ ဘတ်စ်ကားပြေးဆွဲရေး လုပ်ငန်း၏ လစဉ်လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာအပေါ် ပုံသေအကောက်ခွန် စည်းကြပ်မှုမှတစ်ဆင့် ပြန်လည်ရရှိမည်ဖြစ်သည်။ လျှပ်စစ်ဘတ်စ်ကားတစ်စီး၏ ခန့်မှန်း လည်ပတ်မှုကုန်ကျစရိတ်သည် ဒီဇယ်ဘတ်စ်ကားတစ်စီးနှင့် နှိုင်းယှဉ်နိုင်ကြောင်း သို့မဟုတ် လျော့နည်းကြောင်း သေချာစေရန်အတွက် အကောက်ခွန်ကို ချိန်ညှိထားသည်။ စွမ်းအင်ပံ့ပိုးပေးသူ၏ ကုန်ကျစရိတ်များ အပြည့်အဝ ပြန်လည်ရရှိပြီးသည်နှင့် Metbus သည် ဘတ်စ်ကားနှင့် အားသွင်းကိရိယာများကို ပိုင်ဆိုင်မည်ဖြစ်သည်။
ရလဒ်များ
ရှေ့ပြေးစီမံကိန်းကို BYD ဘတ်စ်ကားနှစ်စီးဖြင့် စတင်ခဲ့ပြီး လျှပ်စစ်ဘတ်စ်ကားတစ်စီး၏ လည်ပတ်စရိတ်အား USD 0.10/KM ဖြင့် တွက်ချက်ကာ ဒီဇယ်ဘတ်စ်ကားတစ်စီး၏ ကုန်ကျစရိတ် USD 0.43/KM နှင့် နှိုင်းယှဉ်ကြည့်ပါက အောင်မြင်မှုရှိခဲ့သည်။ ရှေ့ပြေးစီမံကိန်း၏ အောင်မြင်မှုပေါ် အခြေတည်၍ Metbus သည် 2018 ခုနှစ်တွင် ၎င်း၏ယာဉ်များအတွင်း ဘတ်စ်ကားအစီးရေ 100 ထပ်ထည့်ရန် Enel နှင့် BYD တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ 2019 ခုနှစ်တွင် ဘတ်စ်ကား 183 စီးနှင့် 2020 ခုနှစ်တွင် ဘတ်စ်ကား 150 စီး ထပ်မံတိုးလာခဲ့ပြီး ချီလီနိုင်ငံ၊ ဆန်တီအေဂိုရှိ လျှပ်စစ်ဘတ်စ်ကားများအတွက် အကြီးဆုံး ဖြန့်ကျက်အသုံးပြုသူ ဖြစ်လာခဲ့သည်။
ဘတ်စ်ကားအစီးရေ 400 ဖြင့် Metbus သည် CO2 တန်ချိန် 20,630 နီးပါး လျှော့ချမှုတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး 2018 ခုနှစ်ရှိ အဆင့်များနှင့် နှိုင်းယှဉ်ပါက 5% ခန့် လျော့ကျသွားခဲ့သည်။ ၎င်းအပြင် လျှပ်စစ်ဘတ်စ်ကားများ၏ မောင်းနှင်ကြိမ်ရေနှင့် ယုံကြည်စိတ်ချရမှုသည် သမားရိုးကျဘတ်စ်ကားများနှင့် တန်းတူ သို့မဟုတ် သာလွန်ကြောင်း ဘတ်စ်ကား ပြေးဆွဲရေးလုပ်ငန်းများက အစီရင်ခံတင်ပြထားပြီး လျှပ်စစ်ဘတ်စ်ကားများ၏ အကျိုးအမြတ်များကို မီးမောင်းထိုးပြထားသည်။ ဒီဇယ်ဘတ်စ်ကားများနှင့် နှိုင်းယှဉ်လျှင် လျှပ်စစ်ဘတ်စ်ကားများအတွက် ထိန်းသိမ်းပြုပြင်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်များသည်လည်း ပိုနည်းပါသည်
အဓိက လေ့လာတွေ့ရှိချက်များ
ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှုကို မြှင့်တင်ရန် အစိုးရအာမခံချက်သည် အရေးကြီးပါသည်
ဤငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း အစီအစဉ်ဖြင့် လျှပ်စစ်ဘတ်စ်ကားများကို ဝယ်ယူခြင်းတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် Enel ၏ ယုံကြည်မှုကို မြှင့်တင်ရန် ဘဏ္ဍာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေး အေဂျင်စီ (Financial Administration Agency) မှ Enel သို့ ငွေပေးချေရန် အာမခံချက်များကို နိုင်ငံတော်အစိုးရမှ ကျောထောက်နောက်ခံပေးထားသည်။ ငှားရမ်းမှုအတွက် ပေးချေမှုများကို Metbus ၏ စွမ်းဆောင်ရည်နှင့် မသက်ဆိုင်ဘဲ Metbus သို့ လစဉ် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ပေးချေမှုတွင်းမှ အေဂျင်စီက လျှော့ပေးခဲ့ပါသည်
အခကြေးငွေများ ကောက်ခံခြင်းနှင့် ငွေပေးချေမှုများကို စီမံခန့်ခွဲခြင်းတို့တွင် ဗဟိုချုပ်ကိုင်မှု စနစ်သည် စီမံခန့်ခွဲမှုမှားယွင်းမှု အန္တရာယ်များကို ရှောင်ရှားနိုင်သည်။
မြူနီစီပယ်များသည် ဘဏ္ဍာရေးအရ ကိုယ်တိုင်ရှင်သန်ရပ်တည်နိုင်သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်စေရန် ဗဟိုမှ အခကြေးကောက်ခံသည့် စနစ်တစ်ခုကို ထူထောင်နိုင်သည်။ လုပ်ငန်း လုပ်ကိုင်သူများကို အားကိုးမည့်အစား စရိတ်များကို တိုက်ရိုက်နှင့် ဗဟိုမှကောက်ခံခြင်းသည် မြူနီစီပယ်များအတွက် ဝင်ငွေအများဆုံးရရှိစေပြီး စီမံခန့်ခွဲမှုမှားယွင်းသည့် အန္တရာယ်ကို ရှောင်ရှားနိုင်သည်။ Metbus ကိစ္စတွင် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအေဂျင်စီသည် စနစ်အတွင်း စီးဆင်းနေသော ရန်ပုံငွေများကို စီမံခန့်ခွဲရန် တာဝန်ရှိသည်
စည်းမျဉ်းစည်းကမ်းများသည် စိမ်းလန်းစိုပြေရေးဆိုင်ရာ နည်းပညာများကို လက်ခံကျင့်သုံးရာတွင် ကူညီထောက်ကူပေးနိုင်သည်
အောင်မြင်မှု၏ အဓိကအချက်တစ်ခုမှာ ဒီဇယ်သုံးမော်တော်ယာဉ်များကို ဒဏ်ကြေးကောက်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးသော မော်တော်ယာဉ်များ လက်ခံအသုံးပြုခြင်းကို ပိုမိုဆွဲဆောင်မှု ရှိစေသည့် Chile နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော တင်းကြပ်သည့် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စံသတ်မှတ်ချက်များဖြစ်သည်။ ချီလီနိုင်ငံသည် 2017 ခုနှစ်၌ Euro VI ဘတ်စ်ကားဆိုင်ရာ စံသတ်မှတ်ချက်များကို လက်ခံကျင့်သုံးခဲ့ပြီး ဖြစ်သောကြောင့် Euro VI ဘတ်စ်ကားများမှ လျှပ်စစ်ဘတ်စ်ကားများအထိ ရင်းနှီးမြှုပ်နှံမှု ကွာဟချက်မှာ ပေါင်းကူးရန် အတော်လေးသေးငယ်ပါသည်
Sources
ရင်းမြစ်များ/နောက်ထပ် အချက်အလက်များ
- C40 ဗဟုသုတ (2020)။ လျှပ်စစ်ဘတ်စ်ကားများဖြင့် ရေရှည်တည်တံ့နိုင်သော မြို့ပြ ပြန်လည်ထူထောင်ရေးကို ဦးဆောင်ခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://c40.my.salesforce.com/sfc/p/#36000001Enhz/a/Hp000000GLFi/XgEm7gg.8utnB3JS5agpd7iexpXjXvo9h8gw140W7Ek
- C40 ဗဟုသုတ (2020)။ Metbus သည် ဆန်တီအေဂိုတွင် e-bus ဖြန့်ကျက်အသုံးချပြုမှုများကို ရှေ့ဆောင်နေပါသည်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://c40.my.salesforce.com/sfc/p/#36000001Enhz/a/1Q000000gQSR/ET0.2kS_O5ps_SIFrmwgPiDb95Z6inMj6uIjaIcF3mg
- C40 ဗဟုသုတ (2020)။ ရှေ့ပြေးမှသည် အတိုင်းအတာတစ်ခုဆီသို့ – Santiago de Chile တွင်း လျှပ်စစ်ဘတ်စ်ကား ဖြန့်ကျက်အသုံးပြုမှုများမှ သင်ခန်းစာများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://c40.my.salesforce.com/sfc/p/#36000001Enhz/a/1Q00 0000kW6c/knYCd6z53PMEDuWdggFpR0kinupp_K30zr8Bmes4r.8
- ရာသီဥတုဘဏ္ဍာရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု ဓာတ်ခွဲခန်း (2018)။ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးအတွက် သင်ချွေတာသလောက် ပေးချေမှု။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.climatefinancelab.org/wp-content/uploads/2018/02/Pay-As-You-Save-for-Clean-Transport_Instrument-Overview.pdf
- GovInsider (2023)။ ဆန်တီအေဂိုမြို့သည် အများသုံး သယ်ယူပို့ဆောင်ရေးကို အတိုင်းအတာတစ်ခုအထိ လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်သည့်စနစ် ဖြစ်လာသည့် ပထမဆုံးသောမြို့များထဲမှ တစ်ခုဖြစ်လာသည်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://govinsider.asia/intl-en/article/how-santiago-became-one-of-the-first-cities-to-electrify-public-transport-at-scale