ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ
150 စတုရန်းမီတာကျော်ရှိသော မြေယာများကို မြေယာပေါင်းစည်းခြင်းဖြင့် စုစည်းလိုက်ခြင်း
နောက်ခံအကြောင်းအရာ
2014 ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကြီးမှ တလန်ဂနပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်ဟူ၍ ပြည်နယ်နှစ်ခုကွဲမှုဖြစ်စဉ်နောက်ပိုင်းမှစ၍ ယခင်မြို့တော် ဟိုက်ဒရာဘတ်သည် တယ်လန်ဂနပြည်နယ်၏မြို့တော်ဖြစ်လာခဲ့သည်။ အန်ဒရာပရာဒေ့ရှ် ပြည်နယ်သစ်အနေဖြင့် မြို့တော်သစ်တစ်ခုတည်ထောင်ရန် လိုအပ်လာသည်။ ပြည်နယ်အစိုးရသည် အဆောက်အအုံများမရှိသော မြေအသစ်၊ အဓိကအားဖြင့် စိုက်ပျိုးရေးမြေပေါ်တွင် မြို့တော်အသစ်ကို စီမံရေးဆွဲတည်ဆောက်ရန် စတင်ခဲ့သည်။
အနာဂတ်တွင် သေးငယ်သော်လည်း ပိုမိုတိုးတက်စနစ်တကျရှိပြီး မြေကွက်များနှင့် လက်ရှိမိမိတို့မြေများကို မြေပိုင်ရှင်များ ပါဝင်လဲလှယ်ရမည့် မြေယာပေါင်းစည်းခြင်းသဘောသဘာဝများအပေါ် အခြေခံသည့် မြေယာစုပေါင်းစနစ် (LPS) ကို အစိုးရမှ စတင်ခဲ့သည်။ ဤစနစ်သည် စည်းကမ်းပျက်လွှဲပြောင်းခြင်းနှင့် နောက်ကျသည့် လျော်ကြေးပေးချေမှုကဲ့သို့သော စနစ်ဟောင်းမြေရယူနည်းများနှင့် ပတ်သက်သည့်အခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။ အမရဝတီမြို့တော်အသစ်အတွက် 38,581 ဧက (156 စတုရန်းကီလိုမီတာ) မြေယာရရှိရန် ရည်ရွယ်ထားခဲ့သည့် မြေယာစုပေါင်းစနစ် (LPS) ကို 2015 ခုနှစ် ဇန်နဝါရီလမှ စတင်အကောင်အထည်ဖော်ခဲ့သည်။
ချဉ်းကပ်ပုံ
မြေယာပေါင်းစည်းခြင်း စီမံကိန်း (LPS) အောက်တွင် မြေယာပိုင်ရှင်များကို မိမိတို့ မြေများပေးအပ်ခြင်းအတွက် အောက်ပါအကျိုးအမြတ်အချို့ ပေးအပ်ခဲ့သည်-
- ပေးအပ်ထားသော မြေအကျယ်အဝန်းအချိုးအစား၏ 50% ရှိသည့်မြေနေရာကို ဖွံ့ဖြိုးတိုးတက်သောမြို့နေရာတွင် ပြန်လည်ရရှိခြင်း။
- စုပေါင်းထားသော မြေ၏အကျယ်အဝန်းနှင့် တည်နေရာအပေါ် မူတည်၍ ဖွံ့ဖြိုးမှုဆိုင်ရာ အခွန်အခများမှ ကင်းလွတ်ခွင့်ပြုခြင်း။
- မြေပိုင်ရှင်များနေထိုင်ရာ ရွာနယ်ဝန်းကျင်ရှိ လမ်းများ၊ ရေဖြန့်ဝေမှုနှင့် ရေနုတ်မြောင်းစနစ်များကို အဆင့်မြှင့်တင်ခြင်း။
- ကျောင်းများ၊ ဆေးရုံများနှင့် ပန်းခြံများကဲ့သို့သော လူမှုရေး အထောက်အပံ့များ။
နယ်မြေတစ်ခုချင်းစီကို ရွာနယ်နိမိတ်များ၊ သတ်မှတ်ထားသော မြေအရွယ်အစားများနှင့် အသေးစိတ်ချထားသော မြေယာပေါင်းစည်းခြင်း 26 ခု။ မြေအကျယ်အဝန်းအလိုက် သတ်မှတ်ပြုလုပ်ထားသော လမ်းများ- မြေကွက်ကျယ်လျှင် လမ်းအကျယ်၊ မြေကွက်ကျဉ်းလျှင် လမ်းအကျဉ်း။ မြေပိုင်ရှင်များအတွက် ၎င်းတို့ မြေစုပေါင်းခြင်းစီမံကိန်းတွင် ပေးအပ်ထားသော စုစုပေါင်းမြေနေရာနှင့်ကိုက်ညီပြီး အရွယ်အစားစုံလင်သော မြေနေရာများကို ရွေးချယ်နိုင်ခွင့်။ ဥပမာအားဖြင့်၊ မြေယာပိုင်ရှင်များသည် ၎င်းတို့၏မြေကို မြေကွက်ကျယ်တစ်ခုအနေဖြင့် ခွဲနိုင်သည်သာမက တစ်ခုထက်ပိုသောမြေကွက်များအဖြစ် ခွဲခြားပြီး အခြားသူများနှင့် ပေါင်း၍ ပူးပေါင်းခွဲဝေမှုရယူနိုင်သည်။ မြေယာပေါင်းစည်းခြင်းဧရိယာတစ်ခုစီအတွင်း မြေကွက်ရွေးချယ်မှုအစဉ်ကို မြေယာပိုင်ရှင်များအကြား ကံစမ်းမဲစနစ်ဖြင့် ဆုံးဖြတ်ခဲ့သည်။ မြေယာပိုင်ရှင်အားလုံးအတွက် လွတ်လပ်စွာရောင်းချနိုင်သော အခွင့်အရေးများ၊ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နှင့် အမြတ်အစွန်းရပိုင်ခွင့်တို့ပါရှိသော မြေယာပေါင်းစည်းခြင်းပိုင်ရှင်အဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့သည်။
အစီအစဉ်၏ ပဏာမအဆိုကို ပြည်သူများပြန်လည်သုံးသပ်ရန်နှင့် အကြံပြုချက်များပြုလုပ်ရန် ဖြန့်ဝေအသိပေးခဲ့ပြီး မှတ်ချက်များနှင့် ကန့်ကွက်ချက်များကို ရက် 30 အတွင်း ပြန်လည်တင်ပြခွင့်ပြုခဲ့သည်။ အစိုးရအရာရှိများသည် ရွာခံများနှင့်သွားရောက်တွေ့ဆုံ၍ ပြန်ရနိုင်သော မြေကွက်များအတွက် မြေကွက်ဒီဇိုင်း၊ အရွယ်အစား၊ နေရာ စသည့်အချက်များကို သွားရောက်ဆွေးနွေးခဲ့သည်။ မြေယာပိုင်ရှင်များသည် မိမိတို့၏ ကျေးရွာများရှိမြေများ ခွဲခြမ်းထားသည့် အစီအစဉ်များကို သုံးသပ်နိုင်ပြီး ၎င်းတို့၏စိုးရိမ်မှုများကို ဖြေရှင်းရန် အစိုးရအရာရှိများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်သည်။
အစိုးရအရာရှိများသည် မြေယာပိုင်ရှင်များ၏ အကြံပြုချက်များကို အလေးထား ထည့်သွင်းစဉ်းစား၍ ပြင်ဆင်ပြီး အစီအစဉ်သစ်တွင် အဆိုပါအချက်များကို ထည့်သွင်းခဲ့သည်။ ဥပမာ၊ ပြန်လည်အကွက်ချထားသောမြေကွက်များကို လက်ရှိရွာနေရာအနီး၌သာ နေရာချထားခြင်းက သူတို့အတွက် အရေးကြီးပုံကို တောင်သူများက ထောက်ပြခဲ့သည်။
ရလဒ်များ
စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာပေါင်း 24 ရွာမှ တောင်သူများနှင့် အဓိကအကြိတ်အနယ် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် 2015 ခုနှစ်တွင် စီမံကိန်းကို စတင်ခဲ့ပါသည်။ ရက်ပေါင်း 60 အတွင်း မြို့သစ်အတွက် မြေဧက 30,000 လှူဒါန်းရန် စုစုပေါင်း ရွာပေါင်း 24 ရွာ ရှိသည့်အနက် 22 ရွာမှ လယ်သမား 25,000 ၏ သဘောတူညီချက်ကို အစိုးရမှ ရယူနိုင်ခဲ့သည်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်မြေစုပေါင်းစနစ် (LPS) ၏ မြေယာစုစည်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆန်းသစ်သောနည်းများကို နိုင်ငံတစ်ဝန်းရှိ မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် မူဝါဒချမှတ်သူများက အသိအမှတ်ပြု ချီးကျူးခဲ့ကြပါသည်။ မြေပိုင်ရှင်များကို အတင်းအဓမ္မနှင်ထုတ်ခြင်း သို့မဟုတ် အတင်းအဓမ္မရောင်းချစေခြင်းမျိုးမပြုလုပ်ဘဲ စီမံကိန်းအကြီးစားများကို လုပ်ဆောင်နိုင်ကြောင်း ဤစီမံကိန်းမှ အတိအလင်း ပြသပေးခဲ့ပြီး ဖြစ်ပါသည်။
လေ့လာသိရှိခဲ့သည်များ
ရှင်းလင်းတိကျသော ဥပဒေဘောင်။
မြို့တော်သစ်အတွက် အစီအစဉ်ရေးဆွဲရန်နှင့် အကောင်အထည်ဖော်ရန်အတွက် ပြည့်စုံမှုရှိပြီး ရည်ရွယ်ချက်ရှင်းလင်းပြတ်သားသော မူဘောင်တစ်ခုကို 2014 ခုနှစ် ဒီဇင်ဘာလတွင် ဖန်တီးခဲ့သည်။ ရှင်းလင်းပြတ်သားသော အငြင်းပွားမှုဖြေရှင်းရေးနှင့် မြေယာပြန်လည်ခွဲဝေချထားရေး လုပ်ငန်းစဉ်များ ပါဝင်သည့် ဥပဒေမူဘောင်တစ်ရပ်ကို ရေးဆွဲရန် ဂူဂျာရတ်၊ ချက်တီစဂါ့၊ မိုဟာလီ (ပန်ဂျပ်) နှင့် မဟာရက်ရှ်ထြာတို့ အပါအဝင် အိန္ဒိယနိုင်ငံအတွင်း ကျင့်သုံးခဲ့သော မြေစုပုံစံအမျိုးမျိုးကို ဆန်းစစ်လေ့လာခဲ့ကြသည်။ ထို့ကြောင့် မူဝါဒအသစ်ကို အဆင်ပြေချောမွေ့စွာ ကြေညာနိုင်ခဲ့ပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် အထောက်အကူဖြစ်ခဲ့သည်။
နိုင်ငံသားများပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း။
မြေယာပေါင်းစည်းခြင်းသည် ပြည်သူများစွာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီချက်များ လိုအပ်ပြီး အစိုးရအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်တွင် ပြည်သူများအရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ စီမံကိန်းဆပ်ကော်မတီသည် လူထု၏စိုးရိမ်မှုများကို ဖြေရှင်းပေးမည့် မူဝါဒမူဘောင်တစ်ရပ်ရေးဆွဲရန်အတွက် ကွင်းဆင်းကြည့်ရှုခြင်း၊ ညှိနှိုင်းခြင်းနှင့် သတ်မှတ်ထားသောနေရာအတွင်းမှ တောင်သူများ၏ အကြံဉာဏ်များရယူခြင်းများ ပြုလုပ်ခဲ့သည်။ မြေပိုင်ရှင်များ၏ စိုးရိမ်ပူပန်မှုများကို ထိရောက်သေချာစွာနှင့် ပြည့်စုံစွာဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းစဉ်ကို ကောင်းစွာအစီအစဉ်ချနိုင်ခဲ့သည်။ ထို့အပြင် စာရွက်စာတမ်းများနှင့် အတည်ပြုချက်များကို ပြည်သူများအား ထုတ်ဖော်ပြသခြင်းလုပ်ငန်းစဉ်များကို အဆင့်အမျိုးမျိုးသတ်မှတ်၍ လုပ်ဆောင်ခဲ့သည်။
သဘောတူညီချက်မရရှိသည့် အခြေအနေများကို ဖြေရှင်းခြင်း။
မြေယာပေါင်းစည်းခြင်းအစီအစဉ်သည် အများပြည်သူ့ဆန္ဒအပေါ်တွင် အခြေခံထားသောကြောင့် တရားမျှတမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်သော်လည်း ဒေသခံများအနေနှင့် စီမံကိန်းတွင် ပါဝင်ရန် သဘောမတူသည့်အခြေအနေများလည်း ပေါ်ပေါက်နိုင်သည်။ ဤကဲ့သို့ကိစ္စရပ်များကြောင့် မူဝါဒချမှတ်သူများအနေဖြင့် အရေးပေါ် အစီအစဉ်များကို ပြုလုပ်ရန်လိုအပ်ပါသည်။ အန်ဒရာပြည်နယ်အတွင်းရှိ ရွာပေါင်း 26 ရွာအနက် ရွာနှစ်ရွာသည် မြေယာပေါင်းစည်းခြင်း စီမံကိန်းတွင် မပါဝင်ခဲ့ပါ။ အခြားရွေးချယ်စရာအနေဖြင့် ပြည်နယ်အစိုးရသည် မြေယာသိမ်းဆည်းမှု၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအက်ဥပဒေ (2013) တွင် ပါဝင်သည့် မျှတသောလျော်ကြေးပေးခြင်းနှင့် ပွင့်လင်းမြင်သာမှုအခွင့်အရေးများအတိုင်း လျော်ကြေးပေးခဲ့သည်။ မြေယာစုပေါင်းစနစ် (LPS) သည် မျှတသော လျော်ကြေးငွေ မပေးကြောင်း ရွာသားများ အခြေအတင်ပြောဆိုကြပြီး မတရားသောနှုန်းထားများကို ဝေဖန်ခဲ့ကြသည်။ ထို့နောက် 2020 ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်နယ်အစိုးရမှ အဆိုပါကျေးရွာနှစ်ရွာအား အမရဝတီမြို့တော်ဧရိယာမှ ဖယ်ထုတ်ခဲ့ပြီး ၎င်းတို့အား အနီးနားရှိ စည်ပင်သာယာရေးအဖွဲ့နယ်မြေအတွင်း ပေါင်းစည်းစေခဲ့သည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ
- အန်ဒရာပရာဒေ့ရှ်ပြည်နယ်မြို့တော် ဒေသဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (2018)။ အန်ဒရာပရာဒေ့ရှ်ပြည်နယ် မြေယာစုပေါင်းစီမံကိန်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://crda.ap.gov.in/crda_norifications/NOT07091749/01~Case%20Study%20on%20Land%20Pooling%20Scheme%20@%20Amaravati.pdf#:~:text=As%20the%20largest%20exercise%20of%20its%20kind%20in,33%2C700%20acres%20have%20been%20consolidated%20through%20the%20scheme။
- နိုင်ငံတကာ အင်ဂျင်နီယာသုတေသနနှင့်နည်းပညာဂျာနယ် (IJERT) (2022)။ အိန္ဒိယတွင် မြေယာပေါင်းစည်းခြင်း အလေ့အကျင့်များ – အမရဝတီမြို့နှင့် မဂပတ္တမြို့ လေ့လာမှု။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.ijert.org/land-pooling-practices-in-india-a-case-study-of-amaravathi-and-magarpatta
- အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (2022)။ တောင်အာရှတွင် မြေယာပေါင်းစည်းခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/sites/default/files/publication/767671/sawp-088-land-pooling-south-asia-lessons-learned.pdf