ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ
ဂျပန်နိုင်ငံအစိုးရသည် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency, JICA) မှ တစ်ဆင့် UN-Habitat ၏ ရန်ကုန်မှ တာဝန်ရှိသူများနှင့် ဆောင်ရွက်သော ရန်ကုန်မြို့တွင်း မိလ္လာစနစ်နှင့် အမှိုက်စီမံခန့်ခွဲမှု ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေး စီမံကိန်းအတွက် နည်းပညာဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ 7.27 သန်း ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါ စီမံကိန်းသည် ခန့်မှန်းခြေအားဖြင့် အိမ်ထောင်စုပေါင်း 25,000 ခန့်နှင့် ကျောင်းပေါင်း 250 ကျော်ကို အကျိုးပြုရန် ဖြစ်သည်။
နောက်ခံအကြောင်းအရာ
ရန်ကုန်တိုင်း ဒေသကြီးသည် COVID-19 ကပ်ရောဂါကို ဆိုးရွားစွာ ခံစားခဲ့ရပြီး ကပ်ရောဂါ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အပြင်းထန်ဆုံး ခံစားခဲ့ရသူများတွင် ရန်ကုန်မြို့နေ ဆင်းရဲသားများ အထူးသဖြင့် ရန်ကုန်မြို့ရှိ ကျူးကျော်ရပ်ကွက် 423 ခုတွင် နေထိုင်သော လူဦးရေ 400,000 ခန့် ပါဝင်ပါသည်။
ဘေးကင်းသောရေ၊ မိလ္လာနှင့် အမှိုက် စီမံခန့်ခွဲရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အခြေအနေများ ပံ့ပိုးပေးမှုသည် COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုအပါအဝင် ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေချိန်တွင် လူသားတို့၏ကျန်းမာရေးကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သော်လည်း ဤအခြေအနေများသည် ကျူးကျော်ရပ်ကွက်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ခက်ခဲပါသည်။ လူနေမှု ထူထပ်လွန်းခြင်း၊ နေအိမ်ပုံစံနှင့် ရေ၊ မိလ္လာနှင့် အမှိုက် စီမံခန့်ခွဲရေး အထောက်အကူပြုပစ္စည်းများ ရရှိသုံးစွဲနိုင်မှု မရှိခြင်းတို့သည် ရုပ်ပိုင်းဆိုင်ရာ/လူမှုရေးဆိုင်ရာ သီးခြားထားရှိ ခံရခြင်း ပုံစံမျိုးစုံကို ဖြစ်ပေါ်စေပြီး လက်ကို ပုံမှန်ဆေးကြောခြင်းကဲ့သို့သော ရိုးရှင်းသော ကြားဝင်ဆောင်ရွက်ခြင်းများကို အလွန်ခက်ခဲစေပါသည်။ အိမ်ထောင်စု အများစုသည် သူတို့၏ စားဝတ်နေရေး ကုန်ကျစရိတ်များကို ဖြည့်ဆည်းနိုင်ရန် နေ့စဉ်အလုပ်များကို အားထားနေရပြီး အခြေခံ ဝန်ဆောင်မှုများအတွက် ပေးနိုင်ရေး အားထားနိုင်ရန် သို့မဟုတ် ချက်ချင်းအသုံးပြုရန် စုဆောင်းထားရှိသော ငွေ မရှိကြပါ။
ချဉ်းကပ်ပုံ
JICA ရန်ပုံငွေ နောက်ခံရှိသော UN-Habitat သည် ကျောင်းများနှင့် အိမ်ထောင်စုများ အပါအဝင် ရန်ကုန်မြို့ ကျူးကျော်ရပ်ကွက်များတွင် မိလ္လာနှင့် အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ရရှိရေး သေချာစေရန် မြန်မာနိုင်ငံမှ မိတ်ဖက်များနှင့် ပူးတွဲဆောင်ရွက်လျက် ရှိပါသည်။
မိတ်ဖက်များတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ (YRG)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးဌာန (DUHD) ကဲ့သို့သော အစိုးရ အဖွဲ့အစည်းများနှင့် ဒေသခံ လူမှုအသိုင်းအဝိုင်း စေတနာ့ဝန်ထမ်းများနှင့် အကျိုးအမြတ်အတွက် ဆောင်ရွက်ခြင်းမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ပါသည်။
စီမံကိန်းတွင် အဓိက အစိတ်အပိုင်းသုံးခု ပါရှိပါသည်။ အပိုင်း A သည် သန့်ရှင်းသော၊ ဘေးကင်းပြီး ယုံကြည်စိတ်ချရသော သောက်သုံးရေကို ကျူးကျော်ရပ်ကွက်များရှိ လူမှုအသိုင်းအဝိုင်းကို ဖြန့်ဝေပေးရန် ရေပေးဝေရေးစနစ်များ တည်ဆောက်မှုကို အလေးပေးသည်။ ၎င်းက ရေပေးဝေရေးစနစ်များကို လည်ပတ်ရန်၊ ထိန်းသိမ်းရန်နှင့် ရေဝန်ဆောင်မှုများအတွက် အခကြေးငွေ ပေးရန် လူမှုအသိုင်းအဝိုင်း၏ စွမ်းရည်ကို မြှင့်တင်ပေးရန်လည်း ရည်ရွယ်ပါသည်။ အပိုင်း B သည် အိမ်ထောင်စုများအတွက် အမှိုက်အား စနစ်တကျ သိမ်းခြင်း၊ ၎င်းတို့အား ခွဲခြားခြင်းနှင့် အမှိုက်ကန်များတွင် အန္တရာယ်ကင်းစွာ စွန့်ပစ်ခြင်းတို့တွင် ထောက်ပံ့ကူညီပေးရန်နှင့် အများသုံး အမှိုက်သိမ်းရေးနှင့် သယ်ယူပို့ဆောင်ရေး အထောက်အကူပစ္စည်းများ (ဥပမာ အမှိုက်သိမ်းရန် ထရပ်ကားများ၊ သုံးဘီးကားများ) နှင့် စနစ်များ ပံ့ပိုးပေးရန်တို့ အတွက် ဖြစ်ပါသည်။ အပိုင်း C သည် လူမှုအသိုင်းအဝိုင်း၏ စွမ်းရည်များ တည်ဆောက်ပေးရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဗဟုသုတနှင့် အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေးရန်တို့ အတွက် ဖြစ်ပါသည်။
ရလဒ်များ
စီမံကိန်းကို မူလက 2021 ခုနှစ် မတ်လတွင် စတင်ရန်နှင့် 2022 ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးရန် စီစဉ်ထားရှိပါသည်။ COVID-19 ကပ်ရောဂါကြောင့် စီမံကိန်းကို နှောင့်နှေးစေခဲ့ပြီး 2024 ခုနှစ် ဖေဖော်ဝါရီလအထိ ကုန်ကျစရိတ်မရှိပဲ နှစ်ကြိမ် သက်တမ်းတိုးခဲ့ပါသည်။ UN-Habitat သည် ရန်ကုန်မြို့အတွင်း မြို့နယ် ရှစ်မြို့နယ်ရှိ နေရာ 45 ခု၊ ကျောင်း 257 ကျောင်းနှင့် ရပ်ရွာ ကျန်းမာရေး ဆေးပေးခန်း 42 ခုတွင် အစိတ်အပိုင်း သုံးခုကို အကောင်အထည်ဖော်ခဲ့ပါသည်။ UN-Habitat ၏ ခန့်မှန်းတွက်ချက်မှုအရ စီမံကိန်းသည် နေထိုင်သူပေါင်း 102,500 ဦးနှင့် ကျောင်းသား 170,777 ဦးကို ကိုယ်စားပြုသော အိမ်ထောင်စုပေါင်း 25,000 ခန့်ကို တိုက်ရိုက် အကျိုးရှိစေမည်ဖြစ်ပါသည်။
စီမံကိန်းအပြီးတွင် ကောက်ယူခဲ့သော စစ်တမ်းများအရ အပိုင်း B တွင် ကြားဝင်ဆောင်ရွက်မှုများကြောင့် မိလ္လာနှင့် အမှိုက် စီမံခန့်ခွဲခြင်းဆိုင်ရာ အလေ့အကျင့်များအပေါ် အသိပညာများနှင့် သတိပြုမိမှုများ တိုးတက်လာကြောင်း ဖော်ပြပါသည်။ ဥပမာအားဖြင့် စီမံကိန်း၏ အကျိုးကျေးဇူးကို ခံစားရသူနှင့် မခံစားရသူများ ပါဝင်သော အင်တာဗျူးဖြေကြားသူ 17% အောက်သည် စီမံကိန်းမှ ကြားဝင်ဆောင်ရွက်ခြင်း မပြုလုပ်မီ အိမ်ထောင်စုများမှ ထွက်ရှိလာသော အမှိုက်များကို ခွဲခြားစွန့်ပစ်သည်ဟု ဖြေကြားခဲ့ပါသည်။ သို့ရာတွင် စီမံကိန်း၏ အကျိုးခံစားခွင့် ရရှိသူ 96% သည် ကြားဝင်ဆောင်ရွက်မှုအပြီးတွင် အမှိုက်ခွဲခြားခြင်း အလေ့အကျင့်များ ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ စီမံကိန်းမဆောင်ရွက်မီ အကျိုးခံစားခွင့် ရှိသူ 79% သည် မြေဆွေးပြုလုပ်မှုနှင့် ပတ်သက်၍ အသိပညာနည်းသော်လည်း စီမံကိန်းအပြီးတွင် 95% သည် မြေဆွေးပြုလုပ်ခြင်းကို ရှင်းပြရန်နှင့် ဖော်ပြရန် လုံလောက်သော အသိပညာ ရရှိခဲ့ပါသည်။ ထို့ပြင် ထက်ဝက်ကျော်က တစ်ဦးချင်း သို့မဟုတ် ရပ်ရွာအလိုက် မြေဆွေးပြုလုပ်ရန် စတင်အားထုတ်မှုများ ရှိခဲ့ပါသည်။
လေ့လာသိရှိခဲ့သည်များ
စီမံကိန်း၏ အာရုံစူးစိုက်မှုသည် ဒေသခံ မိတ်ဖက်များအပါအဝင် လက်တွဲအကောင်အထည်ဖော်သော မိတ်ဖက်များနှင့် ရန်ပုံငွေ ထောက်ပံ့ပေးသော အေဂျင်စီ၏ တန်ဖိုးနှင့် ကိုက်ညီကြောင်း သေချာစေခဲ့ပါသည်။
အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့ရှိ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းအား ကူညီပံ့ပိုးရန် UN-Habitat ၏ လုပ်ပိုင်ခွင့်နှင့် COVID-19 တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ ပူးပေါင်းအားထုတ်မှုတို့နှင့် ကိုက်ညီသည်။ ၎င်းကို ကုလသမဂ္ဂ (UN) ၏ မြန်မာနိုင်ငံတွင် COVID-19 ဆိုင်ရာ လူမှုစီးပွားတုံ့ပြန်မှု မူဘောင် (SERF) နှင့် နိုင်ငံတော်၏ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် (CPRP) တို့ကို အခြေခံ၍ ဒီဇိုင်းရေးဆွဲထားပါသည်။ အကောင်အထည်ဖော်နေစဉ်အတွင်း အဆိုပါစီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ (YRG)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန (DUHD) တို့ အပါအဝင် သက်ဆိုင်ရာ ဒေသတွင်း အစိုးရအဖွဲ့အစည်းများ ပါဝင်ခဲ့ပါသည်။
ရှင်းလင်းသော စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်။
စီစဉ်ထားသည့်အတိုင်း ပံ့ပိုးပေးရာတွင် အကျိုးကျေးဇူးရှိမှု၊ ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စွမ်းဆောင်နိုင်မှုတို့ကို ပြန်လည်သုံးသပ်ရန်အတွက် အကဲဖြတ်မှုမူဘောင်တစ်ခုနှင့် စီမံကိန်း ပြီးစီးသည်အထိ ဆောင်ရွက်မည့် နောက်ဆုံး အကဲဖြတ်ခြင်းအတွက် အစီအစဉ်များဖြင့် စီမံကိန်းကို ဒီဇိုင်းရေးဆွဲခဲ့ပါသည်။ အပိုင်း B အတွက် သီးသန့်အနေဖြင့် စီမံကိန်း၏အကျိုးသက်ရောက်မှုနှင့် ကြားဝင်ဆောင်ရွက်မှုကြောင့် ရေရှည်တည်တံ့သွားစေမှုကို နားလည်ရန် စောင့်ကြည့်လေ့လာမှုစစ်တမ်းကို 2023 ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့ပါသည်။ ၎င်းတွင် နေရာ 23 နေရာတွင် အကျိုးခံစားခွင့်ရှိသူ 345 ဦးနှင့် အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲမှုအစပျိုးခဲ့သည့် ကပ်လျက်နေရာများမှ အကျိုးခံစားခွင့်မရှိသူ 230 တို့ ပါဝင်ခဲ့ကြပါသည်။ အနာဂတ် စီမံကိန်းများအတွက် သင်ယူရရှိမှုများကို နားလည်သဘောပေါက်ရန်နှင့် အကျိုးခံစားရသူများထံမှ ကွာဟချက်များနှင့် နောက်ထပ် လိုအပ်သောဝင်ရောက်စွက်ဖက်မှုများအတွက် အကြံပြုချက်များကို စုဆောင်းရန်အတွက် ခိုင်မာသော အကဲဖြတ်ရေး လုပ်ငန်းစဉ်တစ်ရပ်ရှိရန် အရေးကြီးပါသည်။
ရေရှည်တည်တံ့မှုအတွက် ဒီဇိုင်းရေးဆွဲထားသည်။
စီမံကိန်းတွင် ရှင်းလင်းသော အသိပညာတည်ဆောက်မှု အစိတ်အပိုင်းတစ်ခုပါဝင်ပြီး ကောင်းမွန်သော သန့်ရှင်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှု အလေ့အကျင့်များကို လက်ခံကျင့်သုံးရန် ဒေသခံလူထု၏ စွမ်းဆောင်ရည်နှင့် ဆန္ဒကို အားကောင်းစေရေး အလေးပေးသည်။ ၎င်းသည် ရန်ပုံငွေ ကုန်ဆုံးပြီးနောက်တွင်ပင် ရလဒ်များကို ရေရှည်တွင် ထိန်းသိမ်းထားကြောင်း သေချာစေရန် ကူညီပေးသည်။ ဥပမာအားဖြင့် အကျိုးခံစားရသူ 96% သည် အိမ်ထောင်စုများမှ ထွက်လာသော အမှိုက်များအတွက် အမှိုက်သိမ်းခပေးလိုကြပြီး အကျိုးမခံစားရသူ 70% ရာခိုင်နှုန်းကသာ ထိုကဲ့သို့ ပြောကြောင်းနှင့် စီမံကိန်းအစက အကျိုးခံစားရသူ 16% ကသာ အမှိုက်များကို ခွဲခြား စွန့်ပစ်ခြင်း လုပ်ဆောင်ကြသော်လည်း စီမံကိန်းပြီးနောက် အကျိုးခံစားရသူ 95% သည် သူတို့၏ အမှိုက်များကို ဆက်လက် ခွဲခြားလိုကြကြောင်း ပြုလုပ်ခဲ့သော စောင့်ကြည့်ရေး စစ်တမ်းများက ညွှန်ပြလျက်ရှိပါသည်။ ဤအချက်က ကောင်းမွန်သော အမှိုက်စီမံခန့်ခွဲမှု အလေ့အကျင့်များ၏ အကျိုးကျေးဇူးများကို သရုပ်ပြရန်နှင့် ရှင်းပြရန် စီမံကိန်းကို ကောင်းမွန်စွာ ဒီဇိုင်းဆွဲထားကြောင်း ထောက်ခံထားပါသည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ
- UN-Habitat (2023)။ စောင့်ကြည့်ရေးအစီရင်ခံစာ- ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ရှစ်ခုတွင် အမှိုက် စီမံခန့်ခွဲရေး လုပ်ငန်းများ။ ဤဝက်ဆိုဒ်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://unhabitatmyanmar.org/wp-content/uploads/2023/09/SWM-Monitoring-Report-Japan-SB-Project_v.24.pdf
- UN-Habitat. မြို့ပြ ကျူးကျော်ရပ်ကွက်များတွင် WASH နှင့် အမှိုက်စီမံခန့်ခွဲရေး ပံ့ပိုးမှုမှတစ်ဆင့် COVID-19 ဒဏ် ခံနိုင်ရည်တည်ဆောက်ခြင်း။ ဤဝက်ဆိုဒ်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://unhabitatmyanmar.org/?page_id=5021